ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အမရပူရမြို့နယ်ရှိ ကျေးရွာများ ရေဘေးဒဏ် စတင် ခံစားနေရ

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အမရပူရမြို့နယ်ရှိ ကျေးရွာများ ရေဘေးဒဏ် စတင် ခံစားနေရ

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင်
မြစ်ရေ စတင်ဝင်ရောက်ပြီး ရေဘေးသင့် အိမ်ထောင်စုတချို့မှာ ကားလမ်းမဘေးတွင် ယာယီတဲများ
ထိုးကာ နေထိုင်ကြရကြောင်း အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စုနေ ရပ်မိ ရပ်ဖ တစ်ဦးဖြစ်သူ
ဦးသန်းအောင်က ပြောသည်။

အမရပူရမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၄ ရွာရှိရာ လတ်တလောတွင် ပတ္တမြား၊ ရွာသစ်၊ မိုးကောင်း၊
ခြောက်သွေးသောက်၊ ရွှေလေးကွက်သစ် (၁)၊ (၂)၊ (၃) တို့တွင်ဧရာဝတီမြစ်ရေ ဝင်ရောက်နေကာ
အဆိုပါကျေးရွာများအတွင်း ရေဘေးသင့် အိမ်ထောင်စုပေါင်း ၆ဝဝ ခန့် ရှိနိုင်ကြောင်း ဦးသန်းအောင်က
ပြောသည်။

''ခန့်မှန်းခြေ အိမ်ထောင်စု ၃ဝဝ နဲ့ ၄ဝဝကြားကတော့ စစ်ကိုင်းမန္တလေးကားလမ်းဘေးနဲ့ ကန်ပတ်
လမ်းဘေးတွေမှာ ယာယီတဲတွေထိုးပြီး နေနေကြပြီ။ တချို့ကတော့ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြတယ်။
လောလောဆယ်တော့ အခက်အခဲကြီးကြီးမားမား မရှိကြသေးပါဘူး။ ရေတွင်း၊ ရေဘုံဘိုင်တွေက
ရေမြုပ်သွားတော့ ရေပြန်ကျသွားရင် သောက်ရေသုံးရေ အခက်အခဲကတော့ ကြံုနိုင်ပါတယ်။
အခုတော့ မြစ်ရေက နည်းနည်း ပြန်ကျသွားတယ်''ဟု ဦးသန်းအောင်က ယခုလ ၁၄ ရက်တွင်
ပြောသည်။

မန္တလေးမြို့၏ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်မှာ ၁၂၆ဝ စင်တီမီတာ (၂၃ဝ ဒသမ ရ၄ပေ) ဖြစ်သည်။

''ကျွန်တော်တို့ ရွာထဲကိုတော့ ပြီးခဲ့တဲ့သုံး၊ လေးရက်လောက်က စပြီး မြစ်ရေဝင်လာတာပဲ။
အိမ်ထောင်စု တော်တော်များများကတော့ စစ်ကိုင်းမန္တလေးကားလမ်းဘေးမှာ ယာယီတဲတွေထိုးပြီး
တက်နေကုန်ကြပြီ။ ကျွန်တော်တို့ကတော့ မသွားသေးဘူး၊အိမ်ထဲမှာပဲ ခုံတွေဆင့်ပြီး နေနေတယ်။
သောက်ရေကိုတော့ ကားလမ်းဘေးကဘုန်းကြီးကျောင်းကို လှေနဲ့သွားပြီး ယူတယ်။ကျွန်တော်တို့
ရွာတွေက ရေနက်ကွင်းထဲရောက်နေတော့ မြစ်ရေဝင်ပြီဆိုရင် ရေကနှစ်လလောက်နေမှ ပြန်
ကျတယ်''ဟုရွှေလေးကွက်သစ်တွင်နေထိုင်သူ ဦးကျော်မောင်က ယခုလ ၁၄ ရက်တွင် ပြောသည်။

ယခုနှစ်တွင် ပြီးခဲ့သော ဇူလိုင် ၁၁ ရက်၌မြစ်ရေမှာ စိုးရိမ်ရေမှတ်နှင့် သုံးပေခန့်အကွာတွင်
ရှိခဲ့ရာ ယခုရက်သတ္တပတ်တွင်နှစ်ပေခန့်အကွာသို့ ရောက်လာသည်။

''မြစ်ရေက ဒီနေ့ ၁,၁၈၃ စင်တီမီတာ (၂၂၈ဒသမ ၂၁ ပေ) ကို ရောက်နေပါတယ်။ စည်ပင်သာယာ
ကလည်း သဲအိတ်တွေ အရန်သင့်ချထားပြီး ရေဝင်လာနိုင်တဲ့ နေရာတွေမှာစောင့်ကြည့်နေပါတယ်''ဟု
ချမ်းအေးသာစံမြို့နယ်၊ ကမ်းနားလမ်းပေါ်ရှိ ရေကင်းအမှတ် (၁) ရေကင်းမှူး ဦးဝင်းသန်းလှိုင်က ယခုလ
၁၈ ရက်တွင် ပြောသည်။

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အမရပူရမြို့နယ်အတွင်းရှိတောင်သမန်အင်း ရေမျက်နှာပြင်မှာ
ယခု ဇူလိုင်လ တတိယပတ်အတွင်း ဦးပိန်တံတားမျက်နှာပြင်နှင့် ငါးပေခန့်အကွာသို့ မြင့်တက်
လာကြောင်း တောင်သမန် ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

လတ်တလောတွင် အင်းရေပြင် မြင့်တက်မှုကြောင့် ငှက်လှေဆိပ်မှာ နစ်မြုပ်နေပြီး ဇူလိုင်လကုန်ခန့်တွင်
ဦးပိန်တံတား မျက်နှာပြင်အထိ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဦးစိုးဝင်းက ပြောသည်။

''ပြီးခဲ့တဲ့ ခြောက်ရက်လောက်အတွင်း ရေက သိသိသာသာ တိုးလာပါတယ်။ ဒီနေ့လည်း တိုးနေတုန်းပဲ။
အခုတံတားရဲ့မျက်နှာပြင်နဲ့ဆို တချို့အပိုင်းတွေမှာ ငါးပေလောက်၊ တချို့ အပိုင်းတွေမှာ
ခြောက်ပေလောက်ပဲ ကွာတော့တယ်။ နောက်ထပ် သိသိသာသာ တစ်ရေထပ်တိုးရင်တော့
တံတားမျက်နှာပြင်အထိရောက်နိုင်လောက်တယ်''ဟု ဦးစိုးဝင်းက ယခုလ ၁၈ ရက်တွင်
ပြောသည်။

တံတားအောက်ခြေတွင် ရေမရှိသောအချိန်များ၌ မြေပြင်မှ တံတားမျက်နှာပြင်အထိ အမြင့်များမှာ
တံတားအနောက်ဘက်ပိုင်းတွင် ပေ ၂ဝ ခန့်၊ အလယ်တွင် ပေ ၃ဝ ခန့်၊ အရှေ့ပိုင်းတွင် ပေ ၂ဝ ခန့်
ရှိကြောင်း ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၆ဝ ခန့်ကတည်ဆောက်ခဲ့သော ဦးပိန်တံတားတွင်ကြံ့ခိုင်မှု အားနည်းသော
အပိုင်းများ ရှိနေကာ ယခုနှစ်မေလက ဂျာမနီနိုင်ငံက ပညာရှင်များနှင့် နည်းပညာတက္ကသိုလ်
(မန္တလေး)က ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့ကဦးပိန်တံတားကို သုတေသန ပြုပ်လုပ်ခဲ့ရာ
တံတားကို လာရောက် လည်ပတ်သူများ အန္တရာယ်ကင်းအောင် ဦးစွာ လုပ်ဆောင်ရမည့်အပိုင်းများ
ရှိနေကြောင်းနှင့် ရေကြီးမှုကြောင့် ပြုတ်ထွက်သွားသော သစ်သားတိုင်လုံး တချို့နေရာတွင်
အစားထိုးထားသော ကွန်ကရစ်တိုင်များမှာ ဆွေးမြေ့နေပြီး၄င်းတို့ထက် သက်တမ်းပိုရင့်သော
တံတား၏ကျွန်းတိုင်လုံးများထက် ကြံ့ခိုင်မှု ပိုအားနည်းနေကြောင်း မှတ်ချက်ပြုထားသည်။

''လတ်တလော တံတားရဲ့ ကြံ့ခိုင်မှုကတော့ကောင်းပါတယ်။ ပြီးခဲ့တဲ့လက တိုင်တွေအောက်ခြေမှာ
ဖြစ်နေတဲ့ တွင်းတွေကို ပြန်ဖို့ထားတယ်။ တံတားကို လာလည်တဲ့ နိုင်ငံခြားသား ဧည့်သည်အဝင်
ကတော့ ဒီလကုန်နောက်ပိုင်း ပိုများလာနိုင်တယ်''ဟု ဦးစိုးဝင်းက ပြောသည်။

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ယမန်နှစ်၊ ဇူလိုင်၊ သြဂုတ်လများကလည်း စိုးရိမ်ရေမှတ်ကို
ကျော်လွန်ရောက်ရှိခဲ့ရာတွင်တောင်သမန်အင်း ရေဝင်ရောက်မှုကြောင့်ဦးပိန်တံတား ရေနစ်မြုပ်ပြီး
တံတားပေါ်တက်ခွင့်ယာယီ ပိတ်ခဲ့ရသည့်အပြင်ရတနာပုံတက္ကသိုလ်ကိုလည်း ခေတ္တပိတ်ခဲ့
ရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး