မြန်မာနိုင်ငံတွင် မြေငလျင်တိုင်းတာစက်များကို ယခုနှစ်အတွင်း အပြီးတပ်ဆင်မည်

မြန်မာနိုင်ငံတွင် မြေငလျင်တိုင်းတာစက်များကို ယခုနှစ်အတွင်း အပြီးတပ်ဆင်မည်

မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၊ မိုးလေဝသနှင့် ဇလဗေဒဌာနနှင့် စင်ကာပူနိုင်ငံ နန့်ယန်းနည်းပညာ
တက္ကသိုလ် မြေကမ္ဘာလေ့လာရေးအဖွဲ့ (Earth Observatory ofSingapore) တို့ ပူးပေါင်းကာ
မြန်မာနိုင်ငံအတွင်း၌မြေငလျင်တိုင်းတာရေးစက်များကို တပ်ဆင်နေရာ စက်အလုံးပေါင်း ၃ဝ ကို
ယခုနှစ်ကုန်ခန့်တွင် အပြီးသတ်တပ်ဆင်နိုင်မည် ခန့်မှန်းကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ
အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောသည်။

အဆိုပါစက်များ တပ်ဆင်ရန် မြေနေရာရွေးချယ်ခြင်းနှင့် လိုအပ်သော အခြေခံအဆောက်အအုံ
ဆောက်လုပ်ခြင်းများ ပြီးစီးပြီဖြစ်ကြောင်း၊ ယခုနှစ်ဆန်းမှ စတင်တပ်ဆင်နေရာ လက်ရှိတွင် စက်
အလုံးရေ ခုနစ်လုံးတပ်ဆင်ထားပြီးဖြစ်ကြောင်း ဒေါက်တာမျိုးသန့်က ယခုလ၁၇ ရက်တွင် ပြောသည်။

''စုစုပေါင်း တပ်ဆင်မယ့် စက်အလုံးရေ ၃ဝ ထဲမှာ အလုံး ၂ဝ က ယာယီတပ်ပြီး တိုင်းတာမှာပါ။
ကျန်တဲ့ ၁ဝ လုံးကိုတော့ အမြဲတမ်း တိုင်းတာဖို့အတွက် ထားပေးခဲ့မှာ။ စက်တစ်လုံးတန်ဖိုးက
မြန်မာကျပ်ငွေနဲ့ဆို ကျပ်သိန်း ၂၅ဝ နဲ့ ၃ဝဝ ကြား ရှိနိုင်ပါတယ်။ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်နဲ့
မြန်မာနိုင်ငံ အနောက်မြောက်ဘက်ခြမ်း ဒေသတွေကို လွှမ်းခြံုနိုင်အောင် နေရာတွေခြားပြီး
တပ်ဆင်သွားမှာပါ''ဟု ဒေါက်တာမျိုးသန့်က ပြောသည်။

စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊မန္တလေးတက္ကသိုလ်နှင့် တရုတ်နိုင်ငံ Chinese
Academyof Science တို့ပူးပေါင်းကာ ငလျင်တိုင်းတာစက် အလုံး၆ဝ တပ်ဆင်ထားပြီးဖြစ်ကာ
တိုင်းတာရရှိသော အချက်အလက်များကို သုံးလခြားတစ်ခါ ရယူနေသည်။

''တရုတ်နိုင်ငံကစက်တွေကို ၂ဝ၁၆ ခုနှစ်၊ မေလကစတင်တပ်ခဲ့ပြီး ယာယီတပ်ဆင်ထားတာပါ။
လာမယ့် နိုဝင်ဘာလမှာ နောက်ဆုံးအနေနဲ့ အချက်အလက်တွေ ကောက်ပြီးရင် အဲဒီစက်တွေကို
ပြန်ဖြုတ်မယ်။ နောက်ဆက်တွဲ အနေနဲ့ တိုင်းတာရရှိထားတဲ့ အချက်အလက်တွေကို ၂ဝ၁၈ ခုနှစ်
ဆန်းကစပြီး တက္ကသိုလ်က ဆရာ၊ ဆရာမတချို့နဲ့ တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတွေ ပူးပေါင်းပြီး
သုတေသနလုပ်သွားဖို့ ရှိပါတယ်''ဟု ဒေါက်တာမျိုးသန့်က ပြောသည်။

ငလျင်တိုင်းစက်များမှာ လေ့လာစောင့်ကြည့်ရန်၊ သတိပေးချက်ထုတ်ပြန်ရန်နှင့် သုတေသနပြုရန်
အတွက် အသုံးချနိုင်ကာ ပြတ်ရွေ့များ၏ လှုပ်ရှားမှုများ၊ ငလျင် အနက်အတိုင်းအတာ၊ မည်ကဲ့သို့
တိမ်းစောင်းရွေ့လျားသည်မှ အစ သိရှိနိုင်ပြီး ငလျင်အတိုင်းအတာ အစစ်အမှန်ကို ဒီဇိုင်းဆွဲနိုင်သော
အကျိုးကျေးဇူးများရနိုင်ကြောင်း ပြောသည်။

''ငလျင်တိုင်းတာစက်ကတော့ များလေ ကောင်းလေပဲ။စက်တွေကို တစ်နိုင်ငံလုံး လွှမ်းခြံုအောင်
ခပ်စိပ်စိပ်တပ်မယ်ဆိုရင် အလုံးရေ ၅ဝဝ လောက် လိုအပ်နိုင်ပါတယ်။ အခု စင်ကာပူက စက်တွေ
ကလည်း ၁ဝ လုံးလောက်ပဲ ကျန်ခဲ့မှာ။ နိုင်ငံတွင်းမှာတော့ စက်အလုံးရေက ၄ဝ လောက်ရှိတယ်''ဟု
ဒေါက်တာမျိုးသန့်က ပြောသည်။

မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာန နှစ် (၅ဝ) ပြည့် ရွှေရတုမဂ္ဂဇင်း (၁၉၅၃၂ဝဝ၃) ပါ ဒေါက်တာသိန်း၏
'မန္တလေးနှင့် ငလျင်ဘေးအန္တရာယ်' ဆောင်းပါးတွင် မန္တလေးဒေသမှာ အတိတ်က ငလျင်တို့၏
ပြင်းအားနှင့် အပျက်အစီး၊စစ်ကိုင်းပြတ်ရွေ့နှင့် နီးကပ်မှု စသော အချက်များကိုအခြေခံပြီး အမြင့်ဆုံး
ခံရဖွယ်ရှိသော ငလျင်ပြင်းအားမှာမာကယ်လီစကေး (Mercalli Scale) တန်း ၉ (အပျက်အစီးများသော
အတန်း) ဟု သတ်မှတ်ထားကြောင်း ပါရှိပြီးပျက်စီးမှုများဘေးအဆင့်တွင် ပါဝင်သော အဓိကမြို့များမှာ
ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊မန္တလေး၊ စစ်ကိုင်းတို့ ဖြစ်ကာ ခြံုငုံကြည့်လျှင်
ပဲခူးတိုင်းအရှေ့ဘက်ခြမ်း၊ မန္တလေးတိုင်း အရှေ့ဘက်ခြမ်း၊ စစ်ကိုင်းတိုင်းမြောက်ဘက်ခြမ်း၊
ကချင်ပြည်နယ် အနောက်ဘက်ခြမ်းတို့မှာ ငလျင်အန္တရာယ်များသောဒေသများဖြစ်ကြောင်း၄င်း၏
ဆောင်းပါးတချို့တွင်လည်း ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး