မန္တလေးမြို့၊ မဟာမုနိဘုရားကြီးသို့လာရောက်ဘုရားဖူးသူများ တည်းခိုနိုင်ရန်အတွက် ဗုဒ္ဓပြတိုက်ကို
ဧည့်ရိပ်သာအဖြစ် ပြန်လည်ပြင်ဆင်ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း မဟာမုနိဘုရား ဂေါပက
အဖွဲ့အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ယခုလ ဒုတိယရက်သတ္တပတ်က ပြောသည်။
''အခု ဗုဒ္ဓပြတိုက်ကို ပြန်လည်ပြင်ဆင်နေပါတယ်။ ပြန်လည် ပြင်ဆင်ပြီးသွားရင်တော့ ဘုရားလာဖူးတဲ့
ဧည့်သည်တွေတည်းခိုနိုင်ပါမယ်။ တည်းခိုတာတွေနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေ သတ်မှတ်ဖို့လည်း
ရှိပါတယ်။ အခုကတော့ ပြင်ဆင်ရေးကိစ္စကို အဓိထား လုပ်ဆောင်နေတာပါ'' ဟု ဦးကျော်ကျော်ဦးက
ပြောသည်။
အဆိုပါ တည်းခိုရိပ်သာမှာ ယခင်ကရှိပြီးဖြစ်သော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ၄င်း
တည်းခိုရိပ်သာကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် ဘုရားများထားရှိရာ
ဗုဒ္ဓပြတိုက်အဖြစ် သတ်မှတ်ခဲ့သည်။
''ဦးတို့အနေနဲ့ကတော့ ပြန်ဖွင့်တာသဘောကျတယ်။ အရင်ကတည်းက ရှိခဲ့တာကိုး။ မန္တလေးမှာဆို
ဦးသိသလောက်ကဘုရားဖူးတွေ တည်းခိုနိုင်တဲ့ ရိပ်သာရှိတာဘုရားကြီးမှာပဲ ရှိတယ်။ နယ်က
လာတဲ့လူတွေအတွက် ပိုပြီး အဆင်ပြေနိုင်တယ်''ဟု မန္တလေးမြို့ခံ ဦးလှသိန်းက ပြောသည်။
လက်ရှိအချိန်တွင် ဗုဒ္ဓပြတိုက်ကိုပြင်ဆင်မှုများ ပြုလုပ်နေပြီး ခြောက်လခန့်ကြာရှိနိုင်ကြောင်း
ကုန်ကျစရိတ်မှာ ကျပ်သိန်း ၃ဝဝ ခန့် ရှိကြောင်းနှင့် အဆိုပါ ဗုဒ္ဓပြတိုက်ကို မြန်မာသက္ကရာဇ်
၁၃၃၃ ခုနှစ်၊နယုန်လဆန်း ၁၅ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူများက
ပြောသည်။















