မန္တလေးတိုင်းဒေသကြီးတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းအစုအဖွဲ့များ ဖွဲ့စည်းထားသော်လည်း
လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှု နည်းပါးကြောင်း တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး
ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးမျိုးထွဋ်ဆွေက ပြောသည်။
''လုပ်ငန်းမျိုးတူစုတွေ ဖွဲ့ထားတာ ရှိတယ်။ဒါပေမဲ့ လုပ်ငန်းရှင်တွေက သိပ်စိတ်မပါဘူး။ နိုင်ငံတကာ
သဘောတရားကတော့ မျိုးတူစုတွေ ဖွဲ့ပြီး စုပေါင်းပြီးအရင်းအနှီးစုမယ်။ ကုန်ကြမ်းဝယ်တာ၊
စက်ပစ္စည်းဝယ်တာကအစ စုပြီးတော့ ဝယ်တော့ သက်သာတာပေါ့။ဒီက လုပ်ငန်းရှင်တွေက
တစ်ဦးချင်းပဲ လုပ်ချင်ကြတယ်။ ပြည်တွင်းစျေးကွက်လေးကိုပဲ လုပြီးလုပ်နေကြတာဆိုတော့
သူ့စျေးကွက်၊ ကိုယ့်စျေးကွက်ရောသွားမှာကို မကြိုက်ကြဘူး'' ဟု ၄င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းမျိုးတူစု အဖွဲ့များကို ၂ဝ၁၄ ခုနှစ်
မတိုင်ခင်ကတည်းက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနကဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်း
အမျိုးတူစု ၁၅ စုတွင် အဖွဲ့ပေါင်း ၁၁၁ ဖွဲ့ ရှိကြောင်း ၄င်းက ပြောသည်။
လုပ်ငန်းများကို မျိုးတူစုဖွဲ့ထားခြင်းဖြင့် လုပ်ငန်းရှင်အချင်းချင်း တိုင်ပင်ကာ အားသားချက်များကို
ဝိုင်းဝန်းဆောင်ရွက်ပြီး အားနည်းချက်များကို ဝိုင်းဝန်း အဖြေရှာနိုင်ပါက လုပ်ငန်းများ
အောင်မြင်နိုင်ကြောင်း ၄င်းက ပြောသည်။
မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် စနစ်ကျနခြင်းမရှိသဖြင့်
ယခုကဲ့သို့ လုပ်ငန်းမျိုးတူစုများစုဖွဲ့သော်လည်း ထူးခြားမှု မရှိနိုင်ကြောင်း မန္တလေးစက်မှုဇုန်
စီမံခန့်ခွဲရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးရဲဝင်းအောင်က ပြောသည်။
''အသေးစား အလတ်စား လုပ်ငန်းတွေအနေနဲ့ စုပေါင်းပြီး မလုပ်နိုင်ရင်၊ စျေးကွက်အသစ်
မရှာနိုင်ရင်တောင် ရှိပြီးသားစျေးကွက် မပျောက်အောင် တဖြည်းဖြည်းသုံးစွဲသူကြိုက်မယ့်
စိတ်ကူးအသစ်တွေသုံးသင့်တယ်။ အရည်အသွေး ပိုကောင်းအောင် လုပ်သင့်တယ်။
အထူးသဖြင့် အသေးစား အလတ်စားလုပ်ငန်းတွေဟာ ပြုလွယ်ပြောင်းလွယ်တဲ့ လုပ်ငန်းမျိုး
ဖြစ်သင့်ပါတယ်''ဟု ၄င်းက သုံးသပ်သည်။
















