မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် လယ်ယာမြေ သိမ်းဆည်းခံရသည့်
တောင်သူများနှင့် တရားစွဲဆိုခြင်းခံထားရသည့် တောင်သူများစုပေါင်းပြီး ထိုင်သပိတ် ပြုလုပ်
ဆန္ဒဖော်ထုတ်နေကာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နှစ်ကြိမ် တွေ့ဆုံညှိနှိုင်းထားသော်လည်း
ပြေလည်မှု မရရှိသေးကြောင်း တောင်သူများက ပြောသည်။
ယခုလ ရ ရက်မှ စတင်ပြီး မတ္တရာမြို့နယ်၊ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ စဉ့်ကူး၊ စဥ့်ကိုင် စသည့်မန္တလေးမြို့
အနီးဝန်းကျင်များရှိ မြို့နယ်များမှလယ်ယာမြေ သိမ်းဆည်းခံတောင်သူများစုပေါင်း၍ ၆၂ လမ်း
၂၄ လမ်းနှင့် ၂၅ လမ်းကြားတွင် သပိတ်စခန်း ဖွင့်လှစ်ထားခြင်းဖြစ်ကာယခုလ ၁၅၊ ၁၇ ရက်များတွင်
တောင်သူများနှင့် အစိုးရအဖွဲ့ဝင်များ နှစ်ကြိမ်တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု
မရရှိသေးခြင်းဖြစ်ကြောင်း သပိတ်စခန်းကို ဦးဆောင်နေသည့် တောင်သူ ဒေါ်ခင်ညိုက
တိုင်းအစိုးရနှင့် တွေ့ဆုံမှုအပြီးတွင် ပြောသည်။
''ကျွန်မတို့ဘက်ကလည်း ဒီသပိတ်စခန်းကြီးကို ရုတ်သိမ်းပေးချင်ပါတယ်။ ဝန်ကြီးဆီက အခု
တောင်သူတွေကို စွဲဆိုထားတဲ့ ပုဒ်မတွေကို ပြန်လည်ဖြေလျှော့ပေးဖို့အတွက်ကြတော့
ဥပဒေရေးရာတွေနဲ့ပဲ ပြောပါတယ်။ ကျွန်မတို့ အဓိကလိုချင်တဲ့ အချက်က အဲဒါပါ။ဒါပေမဲ့
မရခဲ့သေးပါဘူး။ သပိတ်စခန်းကိုလည်းမပိတ်သိမ်းသေးပါဘူး။ ဝန်ကြီးချုပ်ကတော့မြေယာ
ကိစ္စတွေကို သေချာ စိစစ်ပေးပါမယ်လို့ ပြောပါတယ်''ဟု ဒေါ်ခင်ညိုက ဆိုသည်။
တောင်သူများက လယ်ယာမြေများတွင်ပြန်လည်စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ခဲ့သည့်အတွက်
ဖမ်းဆီးခံထားရသည့် တောင်သူများပြန်လည်လွှတ်ပေးရန်၊ တောင်သူများအပေါ် စွဲဆိုထားသည့်
မတရားပုဒ်မများ ပြန်လည်ရုပ်သိမ်းပေးရန်၊ သိမ်းဆည်းလယ်ယာများကိုမူလတောင်သူများ
လက်ဝယ်ပြန်လည်ပေးအပ်ရန် စသည့် အချက်သုံးချက်ကိုတောင်းဆိုနေခြင်းဖြစ်သည်။
''အမှုအခင်းတွေနဲ့ ပတ်သက်လို့ကတော့ တရားရေးကို အုပ်ချုပ်ရေးက ဝင်ရောက်စွက်ဖက်လို့
မရပါဘူး။ ဒါပေမဲ့ ဆွေးနွေးပွဲမှာတရားသူကြီးတွေရော ဥပဒေအရာရှိတွေရောပါတဲ့အတွက် ဘယ်လို
ဟာတွေကို ဖြေလျှော့ပေးလို့ ရမလဲဆိုတာ ဆွေးနွေးတိုင်ပင်လျက်ရှိပါတယ်။ တောင်သူလယ်သမားတွေရဲ့
ခံစားချက်ကိုလည်း နားလည်သဘောပေါက်တဲ့ အနေနဲ့ အားလုံးကို ဖြေလျှော့ပေးထားပါတယ်။ ဒါတွေက
ဥပဒေနဲ့မညီဘူးဆိုတာတော့ ရှင်းပြထားပါတယ်။ နောက်တစ်ကြိမ်တွေ့ဆုံဖို့ရှိပါသေးတယ်''ဟု
တိုင်းဒေသကြီးလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။
သပိတ်မှောက်တောင်သူများနှင့် အစိုးရတာဝန်ရှိသူများ နှစ်ကြိမ်တွေ့ဆုံမှုအပြီးတွင် တိုင်းဒေသကြီး
လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မတီများတွင် မြေသိမ်းခံတောင်သူများ ကိုယ်စား တောင်သူ
ကိုယ်စားလှယ်တစ်ဦး ထည့်သွင်းသွားမည်ဖြစ်ကာ ယင်းတောင်သူကိုယ်စားလှယ်သည် အမှန်တကယ်
မြေသိမ်းခံတောင်သူ စစ်စစ်ဖြစ်ရန်လိုအပ်ပြီး ပါတီနိုင်ငံရေး ကင်းစင်ရမည်ဖြစ်ကာ တိုင်းဒေသကြီး
အဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်လိုက်ထည့်သွင်းရန် သဘောတူညီမှု ရရှိထားကြောင်း
ဝန်ကြီးက ပြောသည်။















