အင်ကြင်းကျောက်တွေကို စိတ်ဝင်စားတဲ့အပြင် အင်ကြင်းကျောက်နဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်
တွေကို မြတ်နိုးတဲ့သူတွေ နှစ်သက်မယ့် စားသောက်ဆိုင်လေးတစ်ဆိုင်ကို မန္တလေး-မြင်းခြံ
ကားလမ်းပေါ်မှာရှိတဲ့ နွားထိုးကြီးမြို့အဝင်မှာ တွေ့နိုင်ပါတယ်။
Tree Jade လို့ အမည်ပေးထားတဲ့ ဒီဆိုင်လေးကို အရောင်အတော်များများစုံလင်တဲ့ အင်ကြင်းကျောက်
မျိုးစုံနဲ့ အလှဆင်ထားရာမှာ စားပွဲခုံတွေ၊ ထိုင်ခုံတွေကအစ အင်ကြင်း ကျောက်တွေနဲ့ ပြုလုပ်ထား
ပါတယ်။ ဇူလိုင်လ ပထမပတ်ထဲမှာ ကျွန်တော်အဲဒီကို ရောက်သွားခဲ့တဲ့အခါ စားသောက်ဆိုင်ဝင်း
အတွင်းမှာ အင်ကြင်းကျောက်နဲ့ ဖန်တီးထားတဲ့ ရေတံခွန်အငယ်လေးကို မြင်လိုက်တာနဲ့
ပင်ပန်းမှုတွေ လျော့သွားခဲ့ရပါတယ်။ တစ်ဆိုင်လုံး ဘယ်နေရာကို ကြည့်ကြည့်အင်ကြင်းကျောက်တွေ
က အာရုံကို ဖမ်းစားသွားပါတယ်။
စိတ်ဝင်စားစရာအကောင်းဆုံးက အင်ကြင်းကျောက်တွေနဲ့ ဖန်တီး အလှဆင်ထားတဲ့ လက်ဝတ်
ရတနာတွေ ရောင်းချတဲ့ဆိုင်ကလေး ရှိနေတာပါ။ အင်ကြင်းကျောက်နဲ့ ပြုလုပ်ထားတဲ့ ဆွဲကြိုးတွေ၊
လက်ပတ်ကြိုးတွေကိုလည်း ဝယ်ယူနိုင်ပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေကတော့
အမြဲဝင်ရောက်လေ့လာတာ များပေမဲ့ မြန်မာဧည့်သည်တွေ သိရှိတာ နည်းပါးနေသေးတယ်လို့
ဆိုင်ရှင်ဦးထွယ်ထွယ်က ပြောပါတယ်။
''ဆိုင်ထဲမှာတော့ နွားထိုးကြီး၊ မလှိုင်ဘက်ကတွေ့တဲ့ အင်ကြင်းကျောက်တွေအပြင် တခြား
နေရာတွေကတွေ့ရှိထားတဲ့ အင်ကြင်းကျောက်တွေကိုလည်း ပြသထားပါတယ်။ ဘယ်သူမဆို အခမဲ့
ဝင်ရောက်လေ့လာနိုင်ပါတယ်'' လို့ သူက ပြောပါတယ်။
နွားထိုးကြီး၊ မလှိုင်ဘက်ကတွေ့ရှိရတဲ့ အင်ကြင်းကျောက်တွေဟာ အရည်အသွေးကောင်းမွန်ပြီး
အစိုသဏ္ဌာန်ဖြူကြည်အရည်ဖြစ်ကြောင်း သူကပြောပြတယ်။ အင်ကြင်းကျောက်မှာလည်း အေ၊ ဘီ၊ စီ၊
ဒီဆိုပြီးတော့ အဆင့်တွေခွဲခြားထားပေမဲ့ စျေးနှုန်းကတော့ အရည်အသွေးပေါ် မူတည်ပြီးတော့ကျပ်
ထောင်ဂဏန်းကနေ ကျပ် သိန်းရာချီအထိ ရှိပါတယ်တဲ့။
''အင်ကြင်းကျောက်မှာ အစိမ်းရောင်ရှိတဲ့ကျောက်က ရှားပါးပါတယ်။တချို့တွေကတော့ သဏ္ဌာန်
တူတဲ့ကျောက်တွေကို ပိုပြီး ကြိုက်နှစ်သက်ကြပါတယ်။ သဘာဝအတိုင်း ပုံသဏ္ဌာန်တစ်ခုခုနဲ့
ဆင်တူနေတာကို သဏ္ဌာန်တူကျောက်လို့ ခေါ်တာပါ။ သဏ္ဌာန်တူကျောက်က တစ်ခါတလေမှာ
အေအဆင့်ရှိတဲ့ ကျောက်ထက် စျေးပိုရတာလည်း ရှိပါတယ်''လို့ ဦးထွယ်ထွယ်က ပြောပါတယ်။
အင်ကြင်းကျောက်ဆိုရင် အင်ကြင်းပင်ကနေ ရုပ်ကြွင်းဖြစ်လို့ အင်ကြင်းကျောက်လို့ လူသိများပေမဲ့
ထန်းပင်တွေနဲ့ တခြားအပင်တွေကနေ ရုပ်ကြွင်းဖြစ်နေတဲ့ ကျောက်တွေလည်း ရှိပါတယ်တဲ့။
အင်ကြင်းကျောက်တွေကို ပြည်တွင်းမှာ စျေးကောင်းပေးပြီး ဝယ်ယူနေရပေမဲ့ ပြည်ပကို
ပြန်လည်ရောင်းချရင် စျေးကောင်းမရပါဘူးတဲ့။
အင်ကြင်းကျောက် နှစ်သက်သူဖြစ်တဲ့ ဦးထွယ်ထွယ်ကတော့ သူစုဆောင်းထားတဲ့ ရှားပါး
သဏ္ဌာန်တူ ကျောက်တွေဆိုရင် ပြန်ရှာဖို့ မလွယ်တဲ့အတွက် စျေးကောင်းရရင်တောင် မရောင်း
လိုသူပါ။ စုဆောင်းထားတာ တော်တော်များနေတဲ့အပြင် တွေ့ရင် ထပ်ဝယ်ချင်နေတယ်။
ရှိတဲ့ငွေက အင်ကြင်းကျောက်တွေမှာပဲ စုနေတဲ့အတွက် သူ့အမျိုးသမီးက ပြောလာပြီး
တစ်ခါတလေ အမြင်မကြည်ချင်တော့ဘူးလို့ ဦးထွယ်ထွယ်က ရယ်မောရင်း ပြောပြပါတယ်။
''အခုနောက်ပိုင်းမှာ အင်ကြင်းကျောက်ကို ပန်းပုထွင်းထုပြီးတော့ အချောထည်ပစ္စည်းတွေလည်း
ပြုလုပ်ရောင်းချနေပါတယ်။ သဘာဝအတိုင်း ဖြစ်နေတဲ့သဏ္ဌာန်တူပုံစံတွေကိုလည်း အခွံချွတ်ပြီးတော့
ရောင်းချပါတယ်။ စျေးနှုန်းတွေကလည်း ကျပ်ထောင်ဂဏန်းကနေ ကျပ်သိန်း ရာချီအထိ ရှိပါတယ်''
လို့ဦးထွယ်ထွယ်က ပြောပါတယ်။
အင်ကြင်းကျောက်တွေကို ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်မှာ အတွေ့များပါတယ်။ အင်ကြင်းကျောက်နဲ့
ပြုလုပ်ထားတဲ့ အချောထည်တွေကို နိုင်ငံတကာစျေးကွက်အထိ ထိုးဖောက်နိုင်အောင်လည်း
ကြိုးစားနေပါတယ်တဲ့။ အင်ကြင်းကျောက်က နိုင်ငံတော်အတွက်လည်း အသုံးဝင်ပြီး ပြည်သူတွေ
အတွက်လည်း အကျိုးရှိပါတယ်တဲ့။
''အင်ကြင်းကျောက် လုပ်ငန်းရှင်များအသင်းဆိုပြီးတော့ မှတ်ပုံတင်ထားပါတယ်။ နိုင်ငံတကာ
ကတော့ အင်ကြင်းကျောက်ကို အသွင်ပြောင်းကျောက်၊ သစ်ပင်ရုပ်ကြွင်းကျောက်လို့ အသိ
များတယ်။ ဒီမှာတော့ အင်ကြင်းကျောက်ပဲ အခေါ်များတယ်။ အင်ကြင်းကျောက်တွေက
နှစ်ပေါင်းများစွာ ရုပ်ကြွင်း ဖြစ်နေပေမဲ့ တချို့နေရာတွေမှာ ပေအနက် ၅ ပေ နဲ့အနက်
၆ ပေ လောက်မှာလည်းတွေ့ရပါတယ်။ အတွေ့အများဆုံးကတော့ နွားထိုးကြီးနဲ့ မလှိုင်မှာ
အတွေ့များပါတယ်''လို့ ဦးထွယ်ထွယ်က ပြောပါတယ်။
''တချို့တွေက စားသောက်ဆိုင်လို့ပဲ ထင်နေကြတယ်။ ဆိုင်ထဲမှာ အင်ကြင်းကျောက်တွေနဲ့
အလှဆင်ထားတာ သိတဲ့သူက နည်းတယ်။ အဲဒီအတွက်ဝင်ရောက် လေ့လာလို့ရပါတယ်။
အင်ကြင်းကျောက်တွေကို အပင်အတိုင်းအဆက်လိုက် ပြသထားတာတွေလည်း ရှိပါတယ်'' လို့
ဦးထွယ်ထွယ်က ပြောပါတယ်။
ပုဂံဘက်ကို ဘုရားဖူးသွားတဲ့အခါ မန္တလေးကနေ အမြန်လမ်းက သွားရင်တော့ အမြန်လမ်းကနေ
မြင်းခြံလမ်းဘက်ကို ဆင်းလိုက်ပါ။ အဲဒီနောက် နွားထိုးကြီးမြို့အဝင်နားမှာ ရှိတဲ့ Tree Jade
စားသောက်ဆိုင်ကို တွေ့ရပါမယ်။ အစားအသောက်စုံလင်စွာ ရနိုင်ပေမဲ့ အစားအသောက်ထက်
အင်ကြင်းကျောက်ဆိုတဲ့ အရာက မိတ်ဆွေကို ပိုဆွဲဆောင်သွားမှာပါ။
















