အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သည်ကို စစ်ဆေးတွေ့ရှိ

အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သည်ကို စစ်ဆေးတွေ့ရှိ

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များ၌ အကျဉ်းသားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်နှင့်
ကျန်းမာရေးဝန်ထမ်း လုံလောက်မှု မရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အကျဉ်းသားများအတွက်
လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့
တိုက်တွန်းထားကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က
ပြောသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ၂ဝ၁၆ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာကို ဇူလိုင် ၂၁
ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဖတ်ကြားရာတွင် ၄င်းက အထက်ပါ
အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''အကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ
များစွာလျော့နည်းနေတာကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ကျွန်တော်တို့ တင်ပြ
တိုက်တွန်းထားပါတယ်''ဟု ၄င်းက ပြောသည်။

ဗဟိုအကျဉ်းထောင်များတွင် လူနာတင်ယာဉ်ထားရှိရန်နှင့် သောက်ရေမလုံလောက်သည့်
အကျဉ်းထောင်များတွင် ရေသန့်စက်အသစ်များ ထားရှိရေး ဘဏ္ဍာငွေခွင့်ပြုရန်အကြံပြုခဲ့ကြောင်း၊
အကျဉ်းထောင်များတွင် အကျဉ်းကျနေသည့် မိခင်နှင့်အတူနေသော ကလေးသူငယ်များ
ကာကွယ်ဆေးထိုးရန် တိုက်တွန်းခဲ့ကြောင်း၊ ကလေးသူငယ်များ၏ အာဟာရဖွံ့ဖြိုးရေးနှင့်
ပညာသင်ကြားခွင့် ရရှိရေးတို့ကို ကလေးသူငယ် အခွင့်အရေးအရ နည်းလမ်းရှာဆောင်ရွက်ပေးရန်
တိုက်တွန်းခဲ့ကြောင်း ဦးစစ်မြိုင်က ဆိုသည်။

''လူ့အခွင့်အရေးရဲ့ ဆောင်ရွက်ချက်တွေဟာ အစိုးရဌာနတွေရဲ့ အကောင်အထည်ဖော်မှုပေါ်မူတည်ပြီး
အောင်မြင်နိုင်တာ၊ တိုးတက်နိုင်တာ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏တိုက်တွန်းချက်အပေါ် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၏
ပူးပေါင်းဆောင်ရွက်မှုသည် အားနည်းနေဆဲဖြစ်ကြောင်း နှစ်ပတ်လည်အစီရင်ခံစာပါ
ထုတ်နုတ်ဖော်ပြချက်အရသိရသည်။

ကော်မရှင်၏ အကြံပြုတိုက်တွန်းချက်အပေါ် ပူးပေါင်းဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနက
၇၁ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၅၈ ရာခိုင်နှုန်း၊ ပြည်ထဲရေး
ဝန်ကြီးဌာနက ၅၇ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးအဆင့်တွင် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများ၏
ပူးပေါင်းဆောင်ရွက်မှုက ၂၇ ရာခိုင်နှုန်းစီ ရှိခဲ့ကြောင်း၊ နှစ်အလိုက်အစိုးရဌာနများ၏ ပူးပေါင်း
ဆောင်ရွက်မှုမှာ ၂ဝ၁၄ ခုနှစ်တွင် ၅၁ ဒသမ ဝ၄ ရာခိုင်နှုန်း၊ ၂ဝ၁၅ ခုနှစ်တွင် ၅၉ ဒသမ
၆၆ ရာခိုင်နှုန်း၊ ၂ဝ၁၆ ခုနှစ်တွင် ၅၃ ဒသမ ဝ၅ ရာခိုင်နှုန်းရှိကြောင်း၊ ကော်မရှင်၏ အကြံပြု
တိုက်တွန်းချက်များအပေါ် တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးကော်မရှင်က ၂ဝ၁၆ ခုနှစ်အတွင်း စစ်ဆေးခဲ့သည့် အကျဉ်းထောင် ရှစ်ခုတွင်
အကျဉ်းသား ဝင်ဆံ့မှု ကန့်သတ်ချက် ဦးရေသည် ၆,ဝဝဝ ရှိရမည်ဖြစ်သော်လည်း အမှန်တကယ်တွင်
အကျဉ်းသားဦးရေ ၈,ဝဝဝ ကျော် ရှိနေကြောင်း၊ လွန်စွာ ကျပ်တည်းနေသဖြင့် အကျဉ်းထောင်များချဲ့
ထွင်ခြင်းနှင့် အကျဉ်းဆောင် အသစ်များဆောက်လုပ်ရန် တိုက်တွန်းအကြံပြုထားကြောင်း ဦးစစ်မြိုင်က
ပြောသည်။

''ထောင်ဝင်၊ ထောင်ထွက် ရှာဖွေရေးလုပ်တဲ့အခါ ဂုဏ်သိက္ခာထိခိုက်စေတဲ့ ရှာဖွေမှုတွေ
ဖြစ်လေ့ရှိတဲ့အတွက် ခေတ်မီ ရှာဖွေစက်လိုမျိုး၊ အနံ့ခံခွေးတွေ အသုံးပြုပြီးရှာဖွေတာမျိုး
ဆောင်ရွက်သင့်ကြောင်း ကျွန်တော်တို့ အကြံပြုခဲ့ပါတယ်'' ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး