ကောင်းမွန်သော စိုက်ပျိုးနည်းစနစ် (Good Agricultural Practice) ြဖင့်ထုတ်လုပ်သည့်
ဓာတုကင်းလွတ် အင်းလေးခရမ်းချဉ်သီးများကို ပထမဆုံးအကြိမ် ပြည်တွင်းစျေးကွက်ထဲသို့
ယခုနှစ် ဇူလိုင်လတွင် ဖြန့်ချိထားကြောင်း ညောင်ရွှေဇုန် စားသောက်ဆိုင်လုပ်ငန်းရှင်များ
အသင်းမှ အတွင်းရေးမှူးဦးအောင်ကျော်မိုးက ပြောသည်။
အဆိုပါ ခရမ်းချဉ်သီးထုတ်လုပ်မှုကို ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၏
ကြီးကြပ်မှုဖြင့် ညောင်ရွှေဇုန် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနှင့် အင်းလေး
ဒေသရှိ ခရမ်းချဉ်သီး စိုက်ပျိုးရေးတောင်သူများ ပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ခရမ်းချဉ်သီး အဓိကစိုက်ပျိုးထွက်ရှိသည့် အင်းလေးဒေသတွင် ဧက ၅ဝ
သာ စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့ရှိ City Mart ၌စျေးကွက်တင်
ထားသည့် ဓာတုကင်းလွတ်ခရမ်းချဉ်သီးသည် ဝယ်လိုအား ရောင်းလိုအား စျေးကွက်အနေ
အထား ချိန်ညှိဆောင်ရွက်ရဆဲပင်ဖြစ်ကြောင်း ဦးအောင်ကျော်မိုးက မြန်မာတိုင်း(မ်)ကို
ပြောသည်။
အင်းလေးဒေသရှိ ကျီသာကုန်း၊ အင်းခြံအစရှိသော ရွာငါးရွာတို့တွင် တစ်ရွာလျှင် ၁ဝ ဧက၊
၁၂ ဧက နှုန်းဖြင့် ဒေသတောင်သူများက စိုက်ပျိုးပြီး စိုက်ပျိုးရေးဦးစီးဌာနက တစ်ပတ်
တစ်ကြိမ် စစ်ဆေးပေးကြောင်း၊ ကောင်းမွန်သော စိုက်ပျိုးနည်းစနစ် အသုံးပြုကြောင်း
လက်မှတ်ရသည့် အဆိုပါ ခရမ်းချဉ်သီးစျေးကွက် ပိုမို ကျယ်ပြန့်ရန်အတွက် မန္တလေးနှင့်
ရန်ကုန်တိုင်းဒေသကြီးတို့ရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့အား ချိတ်ဆက်
ဆောင်ရွက်ရန် အစီအစဉ်များရှိသည်ဟု ၄င်းက ဆိုသည်။
မြန်မာနိုင်ငံ ဒေသတချို့တွင် ထွက်ရှိသော ခရမ်းချဉ်သီးတို့အပြင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ
တို့မှ စျေးချိုသော ခရမ်းချဉ်သီးတို့ကိုပါ ဓာတုကင်းလွတ်ခရမ်းချဉ်သီးမှာ ယှဉ်ပြိုင်နေရသည်
ဟု ၄င်းက ဆိုသည်။
''ထိုင်းဘက်က ခရမ်းချဉ်သီးတွေဆိုရင် ရန်ကုန်ဘက်ဝင်တယ်။ မြစ်သား၊ ကသာဘက်
တွေဆို တရုတ်ခရမ်းချဉ်သီးဆိုရင် အရောက်ပို့ တစ်ပိဿာ ကျပ် ၂ဝဝ စျေးလေ။
ကျွန်တော်တို့ ဓာတုကင်းလွတ် ခရမ်းချဉ်သီးက တစ်ပိဿာ ကျပ် ၆ဝဝ၊ ကျပ် ရဝဝ
လောက်ရမှ အဆင်ပြေမှာလေ။ စိုက်ဖို့ တောင်သူတွေငါးယောက်လောက် ထပ်တိုးလာတာ
ရှိသလို ပထမအသီးတုန်းက စျေးကောင်းမရတဲ့အတွက် မလုပ်ချင်တော့ဘူး ဖြစ်တဲ့
တောင်သူလည်းရှိတယ်။ ကျွန်တော်တို့ခြံက ရေပေါ်ခြံတွေဆိုတော့လေ သဘာဝ
ဓာတ်မြေသြဇာထည့်လည်း ရေထဲပျော်ဝင်သွားတာမျိူးတွေရှိတယ်၊ မျိုးစေ့အာမခံပေးတဲ့
ကုမ္ပဏီ လိုအပ်တာတွေရှိတယ်''ဟု ဦးအောင်ကျော်မိုးက စိုက်ပျိုးရောင်းချရာတွင် ကြံုတွေ့
ရသည့် အခက်အခဲများကို ပြောသည်။
ဓာတုကင်းလွတ် ခရမ်းချဉ်သီးသည် အားနည်းချက်အနေဖြင့် ကုန်ကျစရိတ်များပြီး
စျေးနှုန်းကြီးမြင့်သော်လည်း အားသာချက်အနေဖြင့် အထားခံခြင်း၊ အရသာပိုမိုကောင်းမွန်
ခြင်းရှိသည်ဟု ၄င်းက ဆိုသည်။
















