မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ ရွှေမန်းတောင်
ဂေါက်ကွင်းမှ ကယ်ဒီအလုပ်သမားများကို ခုံသမာဓိကောင်စီက အလုပ်ပြန်လည်ခန့်ထား
ပေးရန် ဆုံးဖြတ်ထားသော်လည်း ယနေ့အချိန်အထိ အလုပ်ပြန်လည် ခန့်အပ်ထားခြင်း
မရှိသေးသောကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲများအတွက် ဒုက္ခသည်စခန်း
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းကယ်ဒီအလုပ်သမားများက ပြောသည်။
ရွှေမန်းတောင်ဂေါက်ကွင်းရှိ ကယ်ဒီအလုပ်သမား ရဝ ခန့်ကို အလုပ်ရှင်၊ အလုပ်သမား
အငြင်းပွားမှုဖြေရှင်းပေးရေး ခုံသမာဓိကောင်စီက အလုပ်ပြန်လည်ခန့်ထားပေးရန် ယခုနှစ်
ဇန်နဝါရီအတွင်းက ဆုံးဖြတ်ပေးထားကြောင်း၊ သို့သော် အလုပ်ပြန်လည် ခန့်အပ်ထားခြင်း
မရှိသေးသောကြောင့် ဆင်းရဲဒုက္ခရောက်နေသည့် ကယ်ဒီအလုပ်သမားများနှင့်မိသားစုဝင်
များက ယခုလ ၂၇ ရက်မှ စတင်ပြီး အများပြည်သူပိုင် သင့်တော်သော မြေနေရာပေါ်တွင်
ဒုက္ခသည်စခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ကယ်ဒီအလုပ်သမား ကိုကျော်နန်းဦးက ယခုလ
၂၃ ရက်တွင် ပြောသည်။
''သူတို့ဘက်က ကျွန်တော်တို့ကို ဥပဒေနဲ့မညီဘဲ အလုပ်ထုတ်ထားတာ ရက်ပေါင်း ၃ဝဝ
လောက်ရှိပါပြီ။ ခုံသမာဓိက အလုပ်ပြန်လည်ပေးအပ်ဖို့ ဆုံးဖြတ်ထားတာတောင် သူတို့က
မလိုက်နာပါဘူး။ အခု အလုပ်သမားတွေမှာ ဒုက္ခတွေဖြစ်နေပါတယ်။ ဒါကြောင့်
သက်ဆိုင်ရာ ဌာနတွေကိုလည်း ဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ စာပို့တောင်းဆိုထားတယ်။
သူတို့ မဖြေရှင်းပေးရင်လည်း ကျွန်တော်တို့က ဒုက္ခသည်စခန်း ဖွင့်လှစ်ထားရပါမယ်''ဟု
ကိုကျော်နန်းဦးက ပြောသည်။
ယင်းဂေါက်ကွင်းရှိ ကယ်ဒီအလုပ်သမား ရဝ ဦး ခန့်သည် ၂ဝ၁၆ ခုနှစ်အတွင်းက
အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး ကုမ္ပဏီဘက်က သတ်မှတ်စည်းကမ်း
များကို မလိုက်နာသောကြောင့်ဟုဆိုကာ ကယ်ဒီလိုက်ပါခွင့် မပြုတော့ခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် ညှိနှိုင်းပေးမှု အဆင့်ဆင့်ပြုလုပ်ပေးခဲ့ပြီး ပြည်ထောင်စုအဆင့်
ခုံသမာဓိကောင်စီက အလုပ်ပြန်လည် ခန့်အပ်ပေးရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။
''ခုံကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ဒဏ်ငွေ ၁ဝ သိန်းကိုပဲ သူတို့ ဆောင်လိုက်
တယ်။ ကျွန်တော်တို့ဆီမှာ အဓိကဖြစ်နေတဲ့ ပြဿနာက အဲဒါပါပဲ။ အလုပ်ရှင်တွေက
ခုံကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်ဘဲ သူတို့ချမှတ်တဲ့ဒဏ်ငွေ ၁ဝ သိန်းလောက်ကိုပဲ
ပေးဆောင်နေတာပါ။ ဒါပေမဲ့ ဒဏ်ငွေဆောင်လိုက်လို့ အလုပ်သမားတွေကို အလုပ်
ပြန်ခန့်ထားစရာ မလိုဘူးတော့ မဟုတ်ပါဘူး။ အလုပ်သမားတွေက ဆုံးရှုံးနစ်နာမှုတွေ
အရမ်းများပါတယ်'' ဟု ကိုကျော်နန်းဦးက ပြောသည်။
ယင်းရွှေမန်းတောင် ဂေါက်ကွင်းကို ၂ဝ၁၃ ခုနှစ်အတွင်းက မြို့တော်စည်ပင်သာယာရေး
ကော်မတီထံမှ Best Premiun ကုမ္ပဏီက ဘီအိုတီစနစ်ဖြင့် နှစ် ၃ဝ ငှားရမ်းလုပ်ကိုင်ခြင်း
ဖြစ်ပြီး ယင်းကယ်ဒီအလုပ်သမားများသည် ယခင် ငှားရမ်းလုပ်ကိုင်စဉ်က ပါဝင်ခဲ့သူများသာ
ဖြစ်ပြီး တရားဝင်အလုပ်ခန့်ထားခြင်းမျိုး မဟုတ်ကြောင်း ရွှေမန်းတောင် ဂေါက်ကွင်း
မန်နေဂျာ ဦးမျိုးသန့်က ဇူလိုင် ၂၃ ရက်တွင် ပြောသည်။
''ဒီကယ်ဒီ လိုက်ပါခွင့်ရတဲ့လူတွေက အရင်ကျွန်တော် ကုမ္ပဏီငှားရမ်း မလုပ်ကိုင်ခင်
အရင်ကုမ္ပဏီကတည်းက ပါလာတဲ့သူတွေပါ။ စည်းကမ်းတွေဆိုတာကလည်း
ကျွန်တော်တို့ချမှတ်ထားတာ မဟုတ်ဘူး အရင်ကတည်းကရှိတယ်။ ဒါတွေကို မလိုက်နာလို့
ကယ်ဒီလိုက်ပါခွင့်ကို ရပ်နားလိုက်တာပါ။ ခုံသမာဓိကောင်စီကတော့ အလုပ်ပြန်လည်
ခန့်အပ်ဖို့ ဆုံးဖြတ်ပေးတယ်။ ကျွန်တော်တို့ဘက်ကလည်း မဖြစ်နိုင်လို့ ပြည်ထောင်စု
တရားလွှတ်တော်ချုပ်ရုံးကို စာချွန်လွှာတင်ထားပါတယ်။ အဲဒီအတောအတွင်းမှာ
ခုံဆုံးဖြတ်ချက်မလိုက်နာလို့ ဆိုပြီးတော့ ဒဏ်ငွေချတယ်။ ကျွန်တော်တို့ဘက်ကလည်း
ပေးဆောင်ထားပါတယ်''ဟု ဦးမျိုးသန့်က ပြောသည်။
အလုပ်ရှင်နှင့် အလုပ်သမား ညှိနှိုင်းဖြေရှင်းရာတွင် ကယ်ဒီအလုပ်သမားများက အမြဲတမ်း
ဝန်ထမ်းအဖြစ် ခန့်ထားပေးရန် တောင်းဆိုရာတွင် မဖြစ်နိုင်သောကြောင့်မလိုက်လျောပေး
ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် လစာဖြင့် ခန့်အပ်ထားသည့် ဝန်ထမ်း ၉ဝ ကျော်၊ ကယ်ဒီ
လိုက်ပါသည့် အလုပ်သမား ၁၆ဝ နှင့် နေ့စားဝန်ထမ်းများလည်း ရှိနေပြီး ကယ်ဒီအလုပ်
သမားများကို ပြန်လည် ကယ်ရီလိုက်ပါခွင့် ပြုမည်ဆိုပါက လက်ရှိဝန်ထမ်းများကို
အုပ်ချုပ်ရန် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ဦးမျိုးသန့်က ပြောသည်။
















