မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်ကနေ ၂၅ ရက်အထိ ယာယီဖွင့်လှစ်ခဲ့တဲ့ ရတနာပုံ
ညစျေးသစ်ကို ဒီလ ၂၁ ရက်မှာ စတင်တာထွက် ဖွင့်လှစ်ခဲ့ပါတယ်။
ယာယီဖွင့်လှစ်စဉ်က မရောက်ဖြစ်ခဲ့ပေမဲ့ ဒီညစျေးသစ်နဲ့ ပတ်သက်ပြီး အသံတွေကို
အမျိုးမျိုး ကြားခဲ့ရပါတယ်။ အထူးသဖြင့် ညစျေးဖွင့်တဲ့နေရာဟာ မြို့တွင်း လူသွားလူလာ
များပြီး စည်ကားတဲ့နေရာမျိုးမဟုတ်ဘဲ သွားရတာဝေးတယ်၊ သွားရေးလာရေး ခက်တယ်
ဆိုတဲ့အသံကို အများဆုံး ကြားရပါတယ်။ ဒါပေမဲ့ ယာယီဖွင့်ချိန်မှာ ညစျေးဟာဘယ်လိုလဲ
ဆိုတဲ့ အသစ်ကို စူးစမ်းချင်တဲ့စိတ်နဲ့ လာရောက်ခဲ့သူတွေကြောင့် စျေးဟာ တိုးမပေါက်
အောင်ဖြစ်ခဲ့ပါတယ်။
ရောက်သွားခဲ့တဲ့ မိတ်ဆွေတွေကို မေးကြည့်တဲ့အခါ လာတဲ့ဆိုင်ကယ်၊ ကားတွေများလွန်း
တာကြောင့် ရပ်စရာနေရာတောင် မနည်းရှာကြရတာ၊ စျေးဧရိယာအတွင်းမှာလည်း
လူပဲတိုးနေရတာကြောင့် ဘယ်လိုဆိုင်တွေပါတယ်၊ ဘာတွေ ရောင်းတယ်ဆိုတာ
သေချာကြည့်လို့ မကောင်းတဲ့အပြင် အစားအသောက်တွေက စျေးနှုန်းကြီးမြင့်တယ်
ဆိုတာကို အများဆုံး ကြားခဲ့ရပါတယ်။
ရတနာပုံညစျေးသစ်ကို မန္တလေးမြို့ရဲ့ မြောက်ဘက်စွန်း ဧရိယာဖြစ်တဲ့ မန္တလေးတောင်ခြေ၊
ရတနာပုံတိရစ္ဆာန်ဥယျာဉ်ဘေးမှာ ရှိခဲ့တဲ့ ရတနာပုံ ရေကူးကန်နေရာကိုဖျက်ပြီး မြေအကျယ်
၄ ဒသမ ၁၃ ဧကပေါ်မှာ တည်ဆောက်ထားတာပါ။ စည်ပင်သာယာနဲ့ BOT စနစ်နဲ့
လုပ်ကိုင်ခြင်းဖြစ်ပြီး မြေငှားရမ်းခ တစ်နှစ်ကို ကျပ်သိန်း ၃,ဝဝဝ နဲ့ခုနစ်နှစ် သဘောတူညီ
ချက်ရှိကြောင်း စျေးကို အကောင်အထည်ဖော်တဲ့ Myanmar Da Yi ကုမ္ပဏီလီမိတက်
အထွေထွေမန်နေဂျာ ဦးတည်ကြည်အောင်က မြန်မာတိုင်း(မ်)နဲ့ ဇွန်လကုန်က
တွေ့ဆုံစဉ်မှာ ပြောထားပါတယ်။
စျေးကို ဇုန်သုံးဇုန် ခွဲခြားထားရာမှာ ဇုန်နဲ့ ဆိုင်ခန်းနေရာ အကျယ်အလိုက် စျေးနှုန်းတွေ
သတ်မှတ်ထားပြီး တစ်လကို ကျပ် ရှစ်သိန်း၊ ကျပ် လေးသိန်းနဲ့ ကျပ် ၁၂ဝ,ဝဝဝ စသဖြင့်
အစားစားရှိပါတယ်။ အခု အတည် စတင်ဖွင့်လှစ်ရာမှာ ဆိုင်ခန်းပေါင်း ၁ဝဝ ကျော်ပါဝင်ပြီး
ဇုန်စီအတွင်း တစ်လကို ကျပ်တစ်သိန်းကျော် ငှားရမ်းခပေးရတဲ့ ၁ဝ ပေပတ်လည်
ဆိုင်ခန်းတွေ အများဆုံး ပါဝင်ထားပါတယ်။
စျေးစဖွင့်တဲ့ ဇူလိုင် ၂၁ ရက်၊ သောကြာနေ့ ညဦးပိုင်းမှာမန္တလေးမှာ မိုးရွာပါတယ်။
ကျွန်တော်တို့လည်း စျေးကိုမရောက်ဖြစ်ဘဲ နောက်တစ်နေ့ ရုံးပိတ်ရက်ဖြစ်တဲ့ စနေနေ့ည
၇ နာရီခွဲလောက်မှ သွားလည်ဖြစ်ပါတယ်။ စျေးနားရောက်ချိန်မှာ ကားရပ်ဖို့နေရာ
အတော်ရှာရမယ် ထင်ခဲ့ပေမဲ့ ရပ်စရာနေရာတွေက ချောင်ချောင်ချိချိပါပဲ။ ကားတစ်စီး
ကျပ် ၅ဝဝ၊ ဆိုင်ကယ် ကျပ် ၃ဝဝ နှုန်းကောက်ခံတာကြောင့် စျေးနှုန်းမဆိုးပါဘူး။
စျေးဝင်ပေါက်မှာ လုံခြံုရေးတချို့ ရှိပါတယ်။ လဟာပြင်မဟုတ်ဘဲ အဝန်းအဝိုင်းတစ်ခု
အတွင်း ဝင်သွားရတာကြောင့် ခံစားချက်က အပြည့်အဝ လွတ်လပ်မှု မရှိသလိုပါပဲ။
ဝင်ဝင်ချင်းမှာပဲ ဘီယာခွက်ကို သစ်သားစည်ပိုင်းတိုပေါ်မှာတင်ပြီး မတ်တတ်ရပ်
စားသောက်ရင်း အေးအေးဆေးဆေး စကားပြောလို့ရတဲ့ပုံစံမျိုး စီစဉ်ပေးထားတဲ့နေရာ
လေးကို တွေ့ရပါတယ်။ ခဏတစ်ဖြုတ် ဟိုဒီငေးရင်းဘီယာသောက်ချင်သူတွေအတွက်
နှစ်သက်စရာ စိတ်ကူးလေးပါ။ ကလေးတွေပါခေါ်ရင်း လာလည်မယ်ဆိုရင် မီးရောင်စုံနဲ့
အလှဆင်ထားတဲ့ ရေပန်းဥယျာဉ်ငယ်လေးကို ကလေးတွေနှစ်သက်ကြမှာပါ။ ဝါးနဲ့
အလှဆင်ထားပြီး အမိုးပေါ်မှာ ရောင်စုံထီးတွေနဲ့ အလှဆင်ထားတဲ့လျှောက်လမ်းကတော့
လူငယ်တွေ ဓာတ်ပုံအရိုက်များကြတဲ့ နေရာတစ်ခုပါ။
လတ်တလောဖွင့်ထားတဲ့ စျေးဆိုင်တွေက အစားအသောက်ရောင်းချတဲ့ ဆိုင်တွေ
များပါတယ်။ ဒီအထဲမှာအလွယ်တကူဝယ်လို့ရတဲ့ အချိုရည်ဘူးတွေကို ရောင်းတဲ့ဆိုင်တွေ
ပါသလို ကြာဖက်ထမင်းသုပ်၊ ထိုင်ဝမ်ရိုးရာမုန့်၊ စဉ့်အိုးထဲထည့်ကင်တဲ့ ထိုင်းစတိုင်
ကြက်ကင် စတဲ့ အစားအသောက်ဆန်းတချို့ကိုလည်း တွေ့ရပါတယ်။ ထိုင်းအစား
အသောက် ရောင်းချတာကို တွေ့ရတာများပြီး အဝတ်အထည်နဲ့ ဖန်စီပစ္စည်း ရောင်းချတဲ့
ဆိုင်တွေက လက်ချိုးရေလို့ရအောင် နည်းပါးပါတယ်။
အစားအသောက်စျေးနှုန်းတချို့ကို လေ့လာရသလောက် ကြေးအိုးတစ်ပွဲကို ကျပ် ၂,၅ဝဝ၊
ကျပ် ၃,ဝဝဝ စသဖြင့် တွေ့ရပါတယ်။ သင်္ဘောသီးထောင်း တစ်ပွဲကိုကျပ် ၂,၅ဝဝ ပါ။
အရသာက ကောင်းပါတယ်။ ကြက်ကင်တစ်ကောင်ကို ကျပ် ၁၂,ဝဝဝ ဖြစ်ပြီး လူကြီး
သုံးယောက် ကောင်းကောင်းစားလောက်ပါတယ်။ ဒီအနေအထားအရ စျေးနှုန်းတွေက
မဆိုးဘူးလို့ ပြောရမှာပါ။
မန္တလေးမြို့ခံ လူလတ်ပိုင်းအရွယ် ကိုပြည့်ဖြိုးသူက စျေးမှာ အဓိကတွေ့ရတာ အစား
အသောက်တွေဖြစ်တာကြောင့်ကိုယ်စားချင်တဲ့ အစားအသောက် တသီးတသန့်ရှိတဲ့
အခါမျိုးမှသာ စျေးကို လာဖြစ်တယ်လို့ ပြောပါတယ်။
''ကိုယ့်မြို့က မဟုတ်တဲ့ ဧည့်သည်တွေဆိုရင်တော့လာဖြစ်လောက်ပါတယ်။ ကျွန်တော့်
အနေနဲ့ အပတ်စဉ်တော့ မလာဖြစ်လောက်ပါဘူး။ စျေးက ဂိတ်ပေါက်နဲ့ဖြစ်နေတယ်။
ပြီးတော့ အချိန်အကန့်အသတ်လည်း ရှိနေတယ်''လို့ သူက ပြောပါတယ်။
မြို့ခံဧည့်လမ်းညွှန် ကိုထွန်းထွန်းက မန္တလေးမှာညအချိန် လည်ပတ်နိုင်တဲ့နေရာ
သတ်သတ်မှတ်မှတ်မရှိသေးတာကြောင့် ဒီလိုစျေးပေါ်ပေါက်လာတာ ကောင်းပေမဲ့
နိုင်ငံခြားသားဧည့်သည်တွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင်လုပ်ဖို့ လိုအပ်တယ်လို့
ပြောပါတယ်။
စျေးကို သမံတလင်းခင်းထားပြီး ရေစီးရေလာကောင်းအောင် လုပ်ထားတာကြောင့်
မိုးရွာတဲ့အခါ ရွှံ့တွေထနေမှာ စိုးရိမ်စရာမလိုပါဘူး။ ဒါပေမဲ့ လမ်းလျှောက်စျေးပုံစံဖြစ်လို့
မိုးရွာရင် အေးအေးဆေးဆေး စားသောက်ဖို့တော့ခက်ခဲနိုင်ပါတယ်။ စားသောက်ဆိုင်
တွေမှာ သုံးရေကိုတော့အဆင်ပြေအောင် စီစဉ်ထားတာ တွေ့ရပါတယ်။ ပလတ်စတစ်
အမှိုက်ပုံးကြီးတွေ ချထားပေမဲ့ အဖုံးမပါတာကိုတော့ သဘောမတွေ့မိပါဘူး။
ပြောရရင် ကျွန်တော်တို့ရောက်ခဲ့တဲ့ စျေးဖွင့်ရက် ဒုတိယနေ့ဟာ စနေနေ့ ရုံးပိတ်ရက်ဖြစ်
တာကြောင့် လူစည်ကားမယ်ထင်ခဲ့ပေမဲ့ ထင်သလောက် လူမရှိခဲ့တာကို တွေ့ရပါတယ်။
နောက်တစ်ရက်ဖြစ်တဲ့ တနင်္ဂနွေဟာ ဥပုသ်နေ့ ဖြစ်တာကြောင့် လူစည်မယ်လို့ စက်ဘီး၊
ဆိုင်ကယ် အအပ်ခံသူတချို့က မျှော်လင့်နေပါတယ်။
ညစျေးသစ်ကတော့ စဖွင့်လိုက်ပါပြီ။ ဖွင့်စမှာ အသစ်ကိုစူးစမ်းစိတ်နဲ့ လာသူတွေရော
ရောင်းသူတွေပါ လန်းဆန်းတက်ကြွနေကြတာ တွေ့ရပါတယ်။ ရေရှည်ရပ်တည်
အောင်မြင်နိုင်ဖို့ ဘယ်လိုအစီအစဉ်တွေနဲ့ ဆက်လက်ဆွဲဆောင် လုပ်ဆောင်သွားမလဲ
ဆိုတာကို စောင့်ကြည့်သွားရမှာပါ။
















