မန္တလေးမြို့တွင် တရားမျှတမှုစင်တာကို ယခုလ ၂၅ ရက်တွင် စတင် ဖွင့်လှစ်လိုက်ပြီးဥပဒေဆိုင်ရာ
အကူအညီတောင်းခံသူများကို ရှေ့နေများက အခမဲ့ အကျိုးဆောင်ပေးခြင်းနှင့်ဥပဒေအကြံပေးခြင်းများ
လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း My Justice Programme မှ အဖွဲ့ခေါင်းဆောင်
မစ္စကိတ္တလင်းရေဂါက ပြောသည်။
ဥရောပသမဂ္ဂက ပံ့ပိုးပြီး ဗြိတိသျှကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်နေသော
My Justiceအစီအစဉ်မှာ International Bridges to Justice (IBJ) နှင့် ပူးပေါင်းကာတရားမျှတမှု
စင်တာများကို အကောင်အထည်ဖော်နေခြင်းဖြစ်ကာ ၂ဝ၁၅ ခုနှစ်မှ စတင်ပြီးရန်ကုန်နှင့်
မော်လမြိုင်မြို့များရှိ စင်တာများမှတစ်ဆင့် လူပေါင်း ၂,၄ဝဝ နီးပါးကို အခမဲ့ဥပဒေအကျိုးဆောင်ပေးနိုင်
ခဲ့ကြောင်း၊ လူပေါင်း ၁,၃ဝဝ ကျော်ကို ဥပဒေအကြံဉာဏ်များ ပေးနိုင်ခဲ့ကြောင်း၊ စင်တာများသို့
ရောက်လာသော အမှုသည်များမှတစ်ဆင့်အခြားအမှုသည်များပါ သိရှိရောက်ရှိလာသည့်အပြင်
တရားရုံးများနှင့် ရှေ့နေများကတစ်ဆင့် လမ်းညွှန်မှုများဖြင့် ရောက်ရှိလာခြင်းကြောင့် အမှုသည်များ
ပိုတိုးလာကြောင်း မစ္စရေဂါက ပြောသည်။
''တရားမျှတမှုစင်တာတွေက ပြစ်မှု၊ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ ဆင်းရဲနွမ်းပါးသူတွေ၊
ခွဲခြားဆက်ဆံခံရသူ ဘယ်သူ့မဆိုအခမဲ့ လိုက်ပါဆောင်ရွက်သွားမှာပါ။ မိမိအခွင့်အရေးကို
မိမိကိုယ်တိုင် မသိတာကအဓိကအချက်တစ်ခု ဖြစ်နေပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်
ရှိတယ်ဆိုတာကို နားမလည်ကြတာတွေ ရှိနေပါတယ်။ တရားမျှတမှုစင်တာအဖွဲ့ဝင်တွေအနေနဲ့
ဒေသခံ လူမှုအဖွဲ့အစည်းတွေ၊ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေး
တိုင်ပင်ပြီး စင်တာရဲ့ အခမဲ့ ရှေ့နေအကျိုးဆောင်ပေးတဲ့ ဝန်ဆောင်မှုကို ရယူနိုင်ဖို့ လိုအပ်တဲ့
မူဝါဒသတ်မှတ်ချက်ကို ရှင်းလင်းမြင်သာအောင် ရေးဆွဲနေပါတယ်''ဟုမစ္စရေဂါက ယခုလ
၂၅ ရက်တွင်ပြောသည်။
မူဝါဒသတ်မှတ်ချက်များကို အဓိကအားဖြင့် အမှုသည်၏ ဆင်းရဲနွမ်းပါးမှုအပြင် အခြား
အခြေခံအချက်များ ဖြစ်သော အန္တရာယ်ကျရောက်နိုင်မှု၊ ခွဲခြားဆက်ဆံခံရမှု စသော အချက်များကိုပါ
ထည့်သွင်း စဉ်းစားမည်ဖြစ်ကာ တရားမျှတမှုစင်တာ၏ ဝန်ဆောင်မှုကို ခံစားထိုက်ခြင်းမရှိပါက
သို့မဟုတ် အချင်းဖြစ်အကြောင်းအရာသည် တရားမမှု သို့မဟုတ်မိသားစုရေးရာနှင့် ပတ်သက်သော
ကိစ္စများဖြစ်ပါက စင်တာအနေဖြင့် အခက်အခဲများကို ကူညီဖြေရှင်းနိုင်မည့် ရှေ့နေသို့မဟုတ်
အဖွဲ့အစည်းများထံ လွှဲပြောင်းလမ်းညွှန်ပေးမည်ဖြစ်ကြောင်း ပြောသည်။
''စင်တာရဲ့ ဝန်ဆောင်မှုကို ဘယ်လိုလူတွေ ရသင့်လဲဆိုတာကို တစ်ပတ်နှစ်ပတ်အတွင်း
သတ်မှတ်ထုတ်ပြန်သွားပါမယ်။လိုအပ်ရင် အယူခံအမှုတွေ ကိုပါ လုပ်ပေးသွားမယ်''ဟု အဖွဲ့မှ
တာဝန်ရှိသူတစ်ဦးဖြစ်သော မစ္စဆူစန်လီက ပြောသည်။
မန္တလေး တရားမျှတမှုစင်တာကို လမ်း၄ဝ၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ မဟာအောင်မြေမြို့နယ်
တွင် ဖွင့်လှစ်ထားပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက်၉ နာရီမှ ညနေ ၅ နာရီ
အထိ ဖွင့်လှစ်နေသည်။ ဇူလိုင် ၂၄ ရက်တွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
သစ်တောရပ်ကွက်တွင် တောင်ကြီးတရားမျှတမှုစင်တာကို ဖွင့်လှစ်ခဲ့ကာ ပဲခူးတိုင်းဒေသကြီးနှင့်
ကရင်ပြည်နယ်များတွင်လည်း တိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည်။
မိမိကိုယ်ပိုင်အခွင့်အရေးများကို နားလည်သိရှိခြင်း၊ ယင်းအခွင့်အရေးများကို မည်ကဲ့သို့
ကာကွယ်သွားရမည်ကို နားလည်သိရှိခြင်းတို့သည် ဒီမိုကရေစီ တိုးတက်ပြောင်းလဲရေးဖြစ်စဉ်
တွင် အထူးအရေးပါကြောင်း၊ အထူးသဖြင့် အသွင်ကူးပြောင်းရေးဖြစ်စဉ်များ ဖြစ်ပေါ်လျက်
ရှိသော နိုင်ငံများ၊ မြန်မာပြည်ကဲ့သို့ နိုင်ငံများတွင် ပိုမိုအရေးပါကြောင်း ယခုအစီအစဉ်များကို
အကောင်အထည်ဖော်နေသောအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
















