မန္တလေးတိုင်းဒေသကြီးတွင် ၂ဝ၁၇î၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ
အမေရိကန်ဒေါ်လာ သန်း ၆ဝဝ လျာထားပြီးယခုနှစ် ဧပြီလမှ ဇွန်လအထိ သုံးလအတွင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ၅၈၂ သန်းကျော် ဝင်ရောက်လာပြီးဖြစ်သောကြောင့်
လက်ရှိဘဏ္ဍာနှစ်အတွက် အလားအလာကောင်းနေသည်ဟု တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ယင်းပမာဏသည် လက်ရှိဘဏ္ဍာနှစ်တစ်ဝက်မတိုင်ခင် လျာထားချက်၏ ၉ဝ ရာခိုင်နှုန်းကျော်
ဝင်ရောက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ၂ဝ၁၆ ခုနှစ်၊
အောက်တိုဘာလက အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီး ယင်းဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်
များတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်ကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို
ခွင့်ပြုပေးမည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီကို တိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာဇော်မြင့်မောင်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည်ဖြစ်ကာ စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်
စစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး
ဦးစီးဌာနတို့ ပါဝင်ဖွဲ့စည်းထားသည်။
''လက်ရှိအနေအထားတွေအရ တိုင်းအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာမယ်လို့
မျှော်လင့်တယ်။ နိုင်ငံသားတွေကလည်း အလုပ်အကိုင် အခွင့်အလမ်းတွေပိုရလာနိုင်တယ်။
ပြည်နယ်၊ တိုင်းတွေကို လုပ်ပိုင်ခွင့်တွေ ခွဲပေးလိုက်တော့ ကိုယ့်ပြည်နယ်၊ တိုင်းအတွင်း
ရင်းနှီးမြှုပ်နှံမှုတွေကိုထိထိရောက်ရောက် လုပ်ကိုင်နိုင်တယ်။လာရောက် လုပ်ကိုင်သူတွေ
ကလည်း ခွင့်ပြုချက်တွေကို လွယ်လွယ်ကူကူ ရနိုင်တာပေါ့။ပဲခူးတို့၊ တနင်္သာရီတို့ ပြီးရင်
မန္တလေးကအလားအလာကောင်းတွေ ရှိပါတယ်'' ဟုတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး(ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်)
ဒေါ်နွယ်နီဦးက မြန်မာတိုင်း(မ်) ကို ယခုလ ၂၄ ရက်တွင် ပြောသည်။
သုံးလတာကာလအတွင်း စက်မှုလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု လေးခု၊ တိရစ္ဆာန်မွေးမြူ
ထုတ်လုပ်ခြင်းနှင့် ရေထွက်ပစ္စည်းထုတ်လုပ်ခြင်းကဏ္ဍအတွက် တစ်ခု၊ စိုက်ပျိုးရေးကဏ္ဍအတွက်
တစ်ခု၊ အခြေခံ အဆောက်အအုံ လုပ်ငန်းကဏ္ဍအတွက် တစ်ခု ရရှိထားသည်။ ယင်းကဏ္ဍများ
အတွက် တရုတ်နိုင်ငံက အများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကာအမေရိကန်ဒေါ်လာ သန်း
၄ဝဝ ကျော်၊နယ်သာလန်က ကန်ဒေါ်လာ သန်း ၁၅ဝ ကျော်၊ ထိုင်းနိုင်ငံက ကန်ဒေါ်လာ
ငါးသန်း၊ စင်ကာပူနိုင်ငံက ကန်ဒေါ်လာ ခုနစ်သန်းကျော် ဖြစ်သည်။
ယခုနှစ်အတွက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလေးခုကိုခွင့်ပြုပေးထားပြီး ကျပ် ၄၂ ဘီလျံကျော်
ထိရှိပြီး စက်မှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများ ဖြစ်သည်။
ယခင်နှစ် အစိုးရသစ်လက်ထက်တွင် တိုင်းဒေသကြီးအတွင်း၌ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို
ကန်ဒေါ်လာ သန်း ၅ဝဝ လျာထားဆောင်ရွက်ခဲ့ပြီး ကန်ဒေါ်လာ ရ၂၄ သန်းကို ခွင့်ပြုပေးနိုင်ခဲ့
သည့်အတွက် လျာထားချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု
အတွက် ကျပ် ဘီလျံ ၁ဝဝ ကိုလျာထားခဲ့ပြီး ကျပ် ၉ဝ၇ ဘီလျံကို ခွင့်ပြုပေးနိုင်ခဲ့သည်။
''လုပ်ငန်းတစ်ခုရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက နိုင်ငံခြားသားဆိုရင် ကန်ဒေါ်လာ ငါးသန်းနဲ့အောက်ပေါ့။
နိုင်ငံသားဆိုရင် ကျပ် သန်း၆,ဝဝဝ နဲ့ အောက်ကို ပြည်နယ်၊ တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီတွေက
အတည်ပြု ထုတ်ပေးနိုင်ပါတယ်။ လုပ်ငန်းရှင်တွေကလည်း အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်တွေ
လျှောက်နိုင်သလို မြေအသုံးပြုခွင့် လျှောက်နိုင်ပါတယ်''ဟု ဒေါ်နွယ်နီဦးက ပြောသည်။
နိုင်ငံတော်က ဦးစားပေးအဆင့်မြှင့်တင်ရန် သတ်မှတ်ထားသည့် ကဏ္ဍ ၁၉၁ မျိုးအတွက်
ရင်းနှီးမြှုပ်နှံသူများသည် အခွန်ကင်းလွတ်ခွင့်ကို လျှောက်ထားနိုင်မည်ဖြစ်ကာ တိုင်းဒေသကြီး
အတွင်း၌ ဇုန် ၁၊ ၂၊ ၃ ဟူ၍ သတ်မှတ်ထားပြီး ဇုန်အပိုင်းအခြားအလိုက် ဝင်ငွေခွန်ကင်းလွတ်ခွင့်
ခုနစ်နှစ်၊ ငါးနှစ်နှင့် သုံးနှစ် ရရှိမည်ဖြစ်သည်။
''ဝင်ငွေခွန် ကင်းလွတ်ခွင့်က နေရာအပိုင်းအခြားပေါ်လည်း မူတည်ပါတယ်။ ဥပမာ ဇုန် ၁ ထဲမှာ
ပါဝင်တဲ့ မြို့သာမြို့နယ်(မြို့သာစက်မှုဇုန်တည်ရှိသည့် မြို့နယ်)၊ ငါန်းဇွန်မြို့နယ်တွေမှာ
ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ခုနစ်နှစ်အထိ သတ်မှတ်ထားတယ်။ မန္တလေးခရိုင်အတွင်းမှာ
ဆိုရင်တော့ သုံးနှစ်ပဲ ရနိုင်တယ်။ ပြောချင်တာက ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ဒေသတွေကို
ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ရင်းနှီးသူတွေကို အခွင့်အရေးပြန်ပေးလိုက်တာပါ။ နောက်တည်ဆောက်ရေး
လုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာလည်း လိုအပ်တဲ့စက်ပစ္စည်းတင်သွင်းခွင့်ကိုလည်း
အခွန်ကင်းလွတ်ခွင့် ပြုထားပါတယ်''ဟု ဒေါ်နွယ်နီဦးက ပြောသည်။















