ပညာရေးဝန်ကြီးဌာန၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
မော်တော်ယာဉ်သုတေသန (ပြင်ဦးလွင်)အဖြစ် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေသည့်
ယခင် အစိုးရ စက်မှုလက်မှုအထက်တန်းကျောင်းကို ယခုနှစ်အတွင်း အစိုးရစက်မှုလက်မှု
သိပ္ပံကျောင်းအဖြစ် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းတိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်က ဆိုသည်။
''ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်တော့ရရှိထားပြီးပါပြီ။ ကျောင်းကြီးရဲ့ အဓိက
လိုအပ်ချက်တွေကတော့ အဆောက်အအုံတွေပါ။ ၂ဝ၁၇ ခုနှစ်၊ဒီဇင်ဘာ ပထမပတ်အတွင်းမှာ
ဖွင့်ဖို့တော့ ဆောင်ရွက်နေကြတယ်။ ဒီိလိုဖွင့်လှစ်လိုက်တဲ့အတွက် ပြင်ဦးလွင်မှာရှိတဲ့ လူငယ်တွေရဲ့
ပညာရေးတွေ ပိုကောင်းလာမယ်။ ဘဝရပ်တည်ဖို့အတွက် ခိုင်မာတဲ့အထောက်အပံ့တွေရှိလာကြမယ်။
ပြန်ဖွင့်မယ့် ကျောင်းက ဒီပလိုမာပေးမှာပါ။ အဆောက်အအုံလိုအပ်ချက်၊ သင်ထောက်ကူပစ္စည်းတွေ
အတွက် လိုအပ်တဲ့ဘတ်ဂျက်ကိုလည်း တင်ပြတောင်းခံထားပြီးပါပြီ'' ဟု ပြင်ဦးလွင်မြို့နယ်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းက မြန်မာတိုင်း(မ်)ကိုပြောသည်။
ယခုအခါ ကျောင်းဝင်းအတွင်းမော်တော်ယာဉ် နည်းပညာသုတေသနဌာန ဖွင့်လှစ်ထားပြီး
ကျွမ်းကျင်မှုအခြေပြုသင်တန်းများ အခမဲ့သင်ကြားပေးနေကာ အဆောက်အအုံများမှာ
လက်တွေ့သုတေသနအခန်းများ ပြုလုပ်ထားသည့်အတွက် ကျောင်းပြန်လည်ဖွင့်လှစ်သည့်အခါ
စာသင်ခန်းများအဆင်ပြေစေရန်ပေ ၂ဝဝ၊ ပေ ၄ဝ ရှိ လေးထပ်အဆောက်အအုံ
ဆောက်လုပ်နိုင်ရန် ဘတ်ဂျက်တောင်းခံထားပြီးဖြစ်ကြောင်း ၄င်းက ဆိုသည်။
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင်
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က စက်မှုလက်မှုသိပ္ပံကျောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်
မေးခွန်းမေးခဲ့ရာ အစိုးရအဖွဲ့ဝန်ကြီးချုပ်က ရန်ပုံငွေဘတ်ဂျက်ရရှိပါက ပြန်လည် ဖွင့်လှစ်ခွင့်ပေး
သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
''ကျောင်းပြန်ဖွင့်ဖို့အတွက် တိကျတဲ့ညွှန်ကြားချက်တော့ မရောက်သေးပါဘူး''ဟု မော်တော်ယာဉ်
နည်းပညာသုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာမြတ်သင်းကိုကမြန်မာတိုင်း(မ်)ကို
ပြောသည်။
ကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် မော်တော်ယာဉ်နည်းပညာသုတေသနဌာနသည်
၁၉ ဒဿမ ၃ ဧက ကျယ်ဝန်းပြီး အဓိကသုတေသနများအဖြစ် ဃဃြ နှင့် ပတ်သက်သည့်
သုတေသနများဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။















