မြစ်ရေကြီးမှုကြောင့် မကွေးတိုင်းအတွင်း လူဦးရေ ငါးသောင်းကျော်အား ထောက်ပံ့ပေးနေရ

မြစ်ရေကြီးမှုကြောင့် မကွေးတိုင်းအတွင်း လူဦးရေ ငါးသောင်းကျော်အား ထောက်ပံ့ပေးနေရ

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေကြီးမှုများကြောင့် မကွေးတိုင်းအတွင်းရှိ လူဦးရေ ငါးသောင်းကျော်အား
ထောက်ပံ့မှုများ ပြုလုပ်ပေးနေရကြောင်း တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေး
ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်စိုးမှ ယခုလ ၂၅ ရက်နေ့ကပြောသည်။

မြစ်ရေကြီးမှုများကြောင့် မကွေးတိုင်းအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်မှ အိမ်ထောင်စု ၁၄၅၉၃ ခု၊
လူဦးရေ ၅၉၄၂ အား ဆန်ရိက္ခာထောက်ပံ့မှုများ ပြုလုပ်နေရသည်ဟု ၎င်းကဆိုသည်။

“ပြီးခဲ့တဲ့ ၂၀၁၆ ကစပြီး ကြံုခဲ့ရတယ်၊ စပြီးထောက်ပံ့ခဲ့ရတယ်”ဟု ၎င်းမှပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ခဲ့သည့် မြစ်ရေမြင့်တက်လာခဲ့ပြီး ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်နှင့်
မင်းဘူးမြို့နယ်များသည် မြစ်ရေကြီးမှုအား အဆိုးရွားဆုံး ရင်ဆိုင်ကြရကြောင်း တိုင်းဒေသကြီး
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဦးစီးဌာနမှ သိရသည်။

ပခုက္ကူမြို့နှင့် ရေစကြိုမြို့နယ်များတွင် ရေဘေးရှောင်ဒေသခံများအတွက် ယာယီစခန်းများ
ဖွင့်လှစ်ထားပြီး ယာယီမိုးကာတဲများ၊ အိမ်သာများ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုအတွက်
ဆေးပေးခန်းများပါ ဖွင့်လှစ်ထားရှိကြောင်းသိရသည်။

ပခုက္ကူမြို့တွင် ၁၁၄၄၆ ဦး၊ ရေစကြိုတွင် ၅.၇၂၇ ဦး၊ ဆိပ်ဖြူမြို့နယ်တွင် ၉၂၃ ဦး၊ မကွေးတွင် ၁၀၈၆ ဦး၊
ချောက်မြို့တွင် ၂၉၅၆ ဦး၊ မင်းဘူးမြို့တွင် ၂၁၅၉ ဦး၊ ပွင့်ဖြူမြို့တွင် ၁၀၀၆ ဦးနှင့် ကံမမြို့နယ်တွင်
၅၁၂ ဦး ရှိကြောင်း မကွေးတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဦးစီးဌာနရုံး၏
စာရင်းများတွင်ဖေါ်ပြထားသည်။

“ကံမမှာကရေဘေးတင်မကဘူး ကမ်းပါးတွေပြိုလို့ ကျွန်တော်တို့ ရွာဆို တရွာလုံးနီးနီးပြောင်းရမယ့်
အခြေအနေမှာ ရှိနေတယ်၊ နောက်ဆို ဓမ္မသော်ကျောင်းတိုက်ကို တစ်ရွာလုံးပြောင်းနေရတော့မယ်၊
ရွာထဲမှာ ဘယ်လိုမှနေမရဘူး၊ လူတွေက ကိစ္စမရှိဘူး ကျွဲနွားတွေအတွက်က အခက်အခဲ
ရှိနေတယ်”ဟု ကံမမြို့နယ် ဓမ္မသော်ကျေးရွာအုပ်စုရေလယ်ကျွန်းရွာမှ ကိုဝေဖြိုးမှပြောသည်။

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ယခုလ ၂၀ ရက်နေ့တွင် ပခုက္ကူမြို့နယ် ကျွန်းသီရိကျေးရွာရှိ
ပြည်လုံးချမ်းသာစေတီတော်သည် မြစ်ရေတိုက်စား၍ မြစ်အတွင်းသို့ ပြိုကျခဲ့ပြီး
ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာအချို့သည်လည်း ကမ်းပါးပြုသည့် အန္တရာယ်အား
ရင်ဆိုင်နေကြရကြောင်း သိရသည်။

တိုင်းဒေသကြီးအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်
မကွေးတိုင်းအတွင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဦးစီးဌာနနှင့် ပူပေါင်း၍ ရေကြီးမှု
ဖြစ်ပေါ်နေသည့် ဒေသများသို့ သွားရောက်၍ ကူညီမှုများပြုလုပ်လျှက်ရှိသည်ဟု တိုင်းအစိုးရအဖွဲ့
၀န်ကြီးဦးနေမျိုးကျော်မှ ပြောသည်။

မြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်း တစ်ရာ့သုံးဆယ်ခန့် ပိတ်ထားရဆဲဖြစ်ပြီး
အဆိုပါကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသား စုစုပေါင်း ၁၇၂၀၉ ဦးနှင့်
ဆရာဆရာမပေါင်း ၉၃၅ ဦး ရှိသည်ဟု တိုင်းပညာရေးမှူးရုံးမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး