မန္တလေးတိုင်းတွင် နိုင်ငံဝန်ထမ်း အိမ်ယာနှင့် အငှားအိမ်ရာ အခန်းပေါင်း ၁,၅၀၀ ကျော် ဆောက်လုပ်မည်

မန္တလေးတိုင်းတွင် နိုင်ငံဝန်ထမ်း အိမ်ယာနှင့် အငှားအိမ်ရာ အခန်းပေါင်း ၁,၅၀၀ ကျော် ဆောက်လုပ်မည်

မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံဝန်ထမ်းများနှင့် အငြိမ်းစားနိုင်ငံဝန်ထမ်းဟောင်းများအတွက်
ရည်ရွယ်ပြီး ၀န်ထမ်းအိမ်ယာနှင့် အငှားအိမ်ရာ အခန်းပေါင်း ၁,၅၀၀ ကျော်ကို ဆောက်လုပ်သွားမည်
ဖြစ်ကြောင်း တိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးကပြောသည်။

ယင်းအိမ်ရာစီမံကိန်းကို မန္တလေးတောင်အရှေ့ဖက် ပုသိမ်ကြီးမြို့နယ်ရှိ မဲကင်းကုန်းကျေးရွာအနီးတွင်
ဆောက်လုပ်သွားမည်ဖြစ်ကာ မြေဧက ၃၃ ဒသမ ၂၂ ဧကအကျယ်ပေါ်တွင် တည်ဆောက်သွားမည်
ဖြစ်ကြောင်း၊ အိမ်ခန်းပေါင်း ၁,၅၅၂ ခန်း ပါ၀င်မည်ဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၈ ခုနှစ်၊
မတ်လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးအောင်ကျော်ဦးက
ယခုလ ၂၆ ရက်နေ့တွင်ပြောသည်။

"ဒီစီမံကိန်းက နိုင်ငံတော်အဆင့်စီမံကိန်းဆောင်ရွက်တာဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်း အငြိမ်းစားတွေကို
အဓိကထား ဆောင်ရွက်တာပေါ့။ အငှားအိမ်ရာနဲ့ အရောင်းအိမ်ရာဆိုပြီး နှစ်မျိုးပါမယ်။ ၀န်ထမ်းအပျို၊
လူပျိုဆောင်တွေလည်း ပါမယ်။ အရောင်းအတွက်ဆိုရင်လည်း အရစ်ကျဝယ်နိုင်တဲ့ စနစ်တွေပါမယ်။
အငြိမ်းစားကတော့ အရောင်းအိမ်ရာပေါ့။ အငှားအိမ်ရာက ၀န်ထမ်းတွေအတွက်ပါ။ အပျို၊ လူပျိုဆောင်
တွေကတော ့ပေ ၂၀ ပတ်လည်နဲ့ ရေချိုးခန်း၊ အိမ်သာ အကုန်ပါအောင်ဆောင်ရွက်ပေးမယ်" ဟု
ဦးအောင်ကျော်ဦးကပြောသည်။

နိုင်ငံဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ တည်ဆောက်မည် စီမံကိန်းမြေပေါ်တွင် ယခုလ ၂၆ ရက်နေ့က
ပန္နက်တင် အခမ်းအနားပြုလုပ်ခဲ့ပြီး နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ခဲ့သည်။

အိမ်ရာစီမံကိန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေဖြင့်ဆောင်ရွက် လုပ်ကိုင်မည်ဖြစ်ကာ
တိုင်းဒေသကြီးအနေဖြင့် မြေနေရာရှာပေးရခြင်းသာဖြစ်ပြီး ကျပ်ငွေ ၁၀ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း၊
လက်ရှိတွင် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက တည်ဆောက်ရေးလုပ်ငန်းများကို
တာဝန်ယူလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

"အရင်မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆွဲထားတာက လေးခန်းတွဲ ငါးထပ်ပေါ့။
ဒီမှာကြတော့ ကျွန်တော်တို့ ရတဲ့မြေနေရာပေါ် မူတည်ပြီးတော့ ၈ ခန်းတွဲ ၁၀ ထပ်တွေ
ဖြစ်သွားပါမယ်။ အငြိမ်းစားဝန်ထမ်းတွေအတွက် ဖြစ်လို့ အထပ်မြင့်နေရင် သူတို့အတွက်
အဆင်မပြေနိုင်ဘူး။ ဒါကြောင့် ဓာတ်လှေကားတွေ ပါပါမယ်"ဟု ဦးအောင်ကျော်ဦး ကပြောသည်။

အရောင်းအိမ်ရာအတွက် အကျယ် ၄၀၀ စတုရန်းပေကို ကျပ် သိန်း ၉၀ ကျပ်ဖြင့်လည်းကောင်း၊
၅၀၀ စတုရန်းပေကို ၁၁၅ သိန်းဖြင့် လည်းကောင်း၊ ၆၀၀ စတုရန်းပေကို ၁၄၀ သိန်းဖြင့် လည်းကောင်း၊
၇၅၀ စတုရန်းပေကို သိန်း ၁၇၀ ဖြင့်လည်းကောင်း၊ ၉၀၀ စတုရန်းပေကို သိန်း ၂၀၀ ဖြင့်လည်းကောင်း
စျေးနှုန်းသတ်မှတ်ပေးထားပြီး အရစ်ကျစနစ်ကို နှစ်အလိုက် ၅ နှစ်၊ ၈ နှစ်၊ ၁၀ နှစ်၊ ၁၂ နှစ်၊ ၁၅ နှစ်
သတ်မှတ်ထားသည်။

"ရာထူးအဆင့်လိုက် လစာဝင်ငွေပေါ် မူတည်ပြီးတော့ အခန်းတွေ ရသွားမှာပေါ့။ ဥပမာ
ရုံးစာရေးကလည်း ရုံးစာရေးအဆင့်လိုက် အခန်းရသွားပါမယ်"ဟု ဦးအောင်ကျော်ဦးကပြောသည်။

တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် အခန်းပေါင်း
၁၀,၀၀၀ ကျော်ပါ၀င်သည့် အိမ်ရာစီမံကိန်းတစ်ခုကို ဆက်လက်ဖော်ဆောင်မည်ဖြစ်ကာ
မြေနေရာအသုံးပြုခွင့်အတွက် တိုင်းအစိုးရသို့ တင်ပြထားပြီး ခွင့်ပြုရန်ပုံငွေနှင့် လုပ်ကိုင်ခွင့်
သက်ဆိုင်ရာအစိုးရအဖွဲဲ့အစည်းများက ရရှိထားပြီးဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး