တရုတ်ပြည်မှ မန္တလေးမြို့တွင်း ဈေးကွက်သို့ဖြန့်ချိရောင်းချမည့် အေးခဲ ကြက်သားနှင့် ဘဲသားများ
သယ်ဆောင်လာသည်ကို သတင်းအရ မန္တလေးမြို့တွင်းဝင် တိုးဂိတ်နှင့် ချမ်းမြသာစည်မြို့နယ်
အတွင်းရှိ ဂိုထောင်အတွင်းမှ ဖမ်းဆီးရမိသည့် တရားမဝင် အေးခဲကြက်သား ပိဿာ သုံးထောင်ကျော်ကို
ဇူလိုင်လ ၂၈ ရက်နေ့က အေးရိပ်ငြိမ်သုဿန်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။
ယခုကဲ့သို့ ဖမ်းဆီးရာမှာ စားသုံးသူကာကွယ်ရေးအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေး
ကော်မတီရဲတပ်ဖွဲ့၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းကျန်းမာရေးအဖွဲ့တို့
ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်
"တရုတ်ပြည်ဘက်က မူဆယ် - မန္တလေး ကနေတဆင့် တရားမဝင် အေးခဲကြက်သားတွေကို
ရောင်းချနေတယ်လို့ သတင်းရတဲ့အတွက် အောင်ပင်လယ်မြို့ဝင်ဂိတ်မှာ ပိတ်ဆို့ပြီး စစ်ဆေးခဲ့တာ
ကားပေါ်မှာ အခြားပစ္စည်းအပြင် အေးခဲကြက်သား ၁၁ အိတ် ပိဿာ အချိန် ရ၀၀ ခန့်ပါတယ်။
နောက်တစ်ခုက အမှတ်(၄) သိပ္ပံလမ်း အောင်ပင်လယ်အဝိုင်းအနီးက ဂိုထောင်ကို စစ်ဆေးတော့
တရားမဝင် အေးခဲကြက်သား ဘဲသား ပိဿ ၂၄၀၀ ခန့်ကိုထပ်မံ သိမ်းဆီးဖမ်းဆီး ရမိခဲ့တယ်။
အရင် အကြိမ်တွေ ဖမ်းဆီးရမိခဲ့တဲ့အချိန်တုန်းက စစ်ဆေးခဲ့တဲ့အခါ စားသုံးရန်မသင်တဲ့အပြင်
ကြက်ငှက်တုတ်ကွေးဖြစ်စေတဲ့ ရောဂါပိုးတွေ ပါတာတွေ့ရတယ်။ အခု ဖမ်းဆီးရမိတဲ့
အသားတွေကိုလည်း ထပ်မံ စစ်ဆေးအရေးယူသွားပါမယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး
ကော်မတီ ရဲတပ်ဖွဲ့ ရဲမှူးငြိမ်းချမ်းအောင်က မြန်မာတိုင်း(မ်) ကိုပြောသည်။
ဖမ်းဆီးရမိသည့်အတွက် အရေးယူဆောင်ရွက်ခြင်းများမှာ မော်တော်ကားယာဉ်မောင်းများ၊
ဂိုထောင်တာဝန်ခံများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥပဒေပုဒ်မ ၁၀၀ ပါ
တားမြစ်ချက် ပြည်သူလူထု စားသုံးရန် မသင့်သည့် အစားအစာတွေ ဖြန့်ချူးရောင်းချသည့်အတွက်
ဒဏ်ငွေရိုက်အရေးယူခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆက်လက် ကျူးလွန်းလာပါက
လုပ်ငန်းများ ပိတ်သိမ်းသည်ထိအရေးယူဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
"စားသုံးရေးရာနစ်နာဖြေရှင်းမှုအဖွဲ့ကနေ ပူးပေါင်းအဖွဲ့အနေနဲ့ ဖမ်းဆီးတာဖြစ်တယ်။ စည်ပင်သာယာ
ဥပဒေနဲ့အရေးယူတာက အမြန်ဆုံးဖြစ်တယ်။ ဒါကြောင့်အခုလို အမြန်ဆုံး အရေးယူ ဆောင်ရွက်ရတာ
ဖြစ်ပါတယ်" ဟု တိုင်းဒေသကြီး စားသုံးသူရေးရာအငြင်းပွားဖြေရှင်းပေးရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး
ဦးကျော်ဦးက ပြောသည်။
ယခုကဲ့သို့ တရားမဝင် အေးခဲကြက်သား ဘဲသားများကို တင်သွင်း ဖြန့်ချိရောင်းချနေသည့်
ပင်လယ်စာအရောင်းဆိုင်များကို ဆိုင်ပိတ်သိမ်းသည်ထိ အရေးယူဆောင်ရွက်မှုများကို
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန
ဌာနခွဲမှူး ဦးစိုးတင့်အောင်က ဆိုသည်။
















