ရှေးဟောင်းပြည်မင်းသားကျောင်းတိုက် ရှေးမူမပျက်ထိန်းသိမ်းမှု ပထမအဆင့်ပြီးစီး

ရှေးဟောင်းပြည်မင်းသားကျောင်းတိုက် ရှေးမူမပျက်ထိန်းသိမ်းမှု ပထမအဆင့်ပြီးစီး

 

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းပတ်အနီးရှိ သက်တမ်း ၁၇၈ နှစ်ရှိ
နေသော ပြည်မင်းသားကျောင်းတိုက် (မဟာအတုလွတ်ဘုံစံ ပြည်ကျောင်းတိုက်) ကို
ရှေးမူမပျက် ထိန်းသိမ်းမှုလုပ်ငန်းပထမအဆင့်ပြီးစီးပြီဖြစ်ကာ၊ ကျန်ရှိသောလုပ်ငန်းများကို
ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာဗိသုကာအမွေအနှစ် ထိန်းသိမ်းရေး
အဖွဲ့ (Myanmar Architectural Heritage Organization Mandalay) မှ အဖွဲ့
ခေါင်းဆောင် ဒေါက်တာဇာခြည်မင်းက ပြောသည်။

သာယာဝတီမင်းကြီး၏သားတော် ပြည်မင်းသားဆောက်လုပ်လှူဒါန်းခဲ့သော အဆိုပါ
သစ်သားကျောင်းတိုက်အတွင်းရှိ ဘုရားခန်း၊ ကြမ်းခင်းများ၊ ရှေးဟောင်းမှန်စီရွှေချလက်ရာ
များ၊ ပလ္လင်တော်များ၊ ဘုရားဆင်းတုတော်များကို ရှေးမူမပျက် မွမ်းမံထိန်းသိမ်းပြီး
ကျောင်းဆောင်တစ်ခုလုံးကို တိုင်းတာပုံထုတ်ခြင်း၊ မှတ်တမ်းတင်ခြင်းများ ပြီးစီးခဲ့သဖြင့်
အဆိုပါလုပ်ငန်းများ ပြီးမြောက်ခြင်းအထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဇူလိုင်လ
၃ဝ ရက်တွင် ရေစက်ချလှူဒါန်းပြီးစီးကြောင်း၊ ဆက်လက်၍ သံဃာတော်အဆောင်ကြမ်း
ခင်းပြုပြင်ခြင်းနှင့် ကျောင်းတိုက်အရှေ့ဘက်ရှိ ရှေးဟောင်း 'သာရမ ဉ္ဇူသိမ်'ကို ပုံထုတ်
မှတ်တမ်းတင်မည်ဖြစ်ကြောင်း ဒေါက်တာဇာခြည်မင်းက ပြောသည်။

''မန္တလေးမှာ နှစ် ၁ဝဝ ကျော်ကျောင်းဆောင်တွေ အတော်များများရှိတဲ့အထဲမှာ
ဒီကျောင်းတိုက်က သမိုင်းအားဖြင့် တန်ဖိုးရှိတာရယ်၊ နှစ်ကာလကလဲ ၁၇၈ နှစ်ရှိတာရယ်၊
မြန်မာဗိသုကာလက်ရာတွေ အများကြီးကျန်သေးတာရယ်ကြောင့် ရွေးချယ်ပြီးလုပ်ဖြစ်
တာပါ။ ကျောင်းဆောင်တစ်ခုလုံးရဲ့ မြန်မာ့နည်း မြန်မာ့ဟန်ဗိသုကာလက်ရာတွေနဲ့
အခြေအနေကို အောက်ခြေကနေ ခေါင်အထိ မှတ်တမ်းယူထားပါတယ်။ ပျက်စီးတာတွေကို
ဘယ်လိုထိန်းမလဲဆိုတဲ့အချက်တွေလဲ ပြုစုထားပါတယ်။ အခုပထမအဆင့်မှာ ဗိသုကာ
လက်ရာတစ်ခုချင်းစီကို အသေးစိတ်မှတ်တမ်းတင်ထားပြီး ဖုန်တွေရှင်းလင်းတာ၊ ရေနံကြီး
သုတ်တာ၊ ကြမ်းခင်းနဲ့ တိုင်လုံးအဆက်တွေကို ခိုင်ခံ့အောင်ပြန်ဆက်ပေးတာတွေ လုပ်
ဆောင်ခဲ့ပါတယ်''ဟု ဒေါက်တာဇာခြည်မင်းက ဇူလိုင်လ ၃ဝ ရက်တွင် ပြောသည်။

မန္တလေးတွင် ထင်ရှားသောသိမ်လေးခုရှိရာ အဆိုပါကျောင်းတိုက်အရှေ့ဘက်ရှိ သန်းခေါင်
ယံသိမ်လဲပါဝင်ကြောင်း၊ ဘန်ကောက်ရှိ White Temple ကဲ့သို့ မန္တလေးတွင် ယခုသစ်သား
ကျောင်းတိုက်ကို လေ့လာနိုင်ကြောင်း၊ အတွင်းပိုင်းအလင်းပေးစနစ်မှာလဲ ကောင်းမွန်
ကြောင်း ဒေါက်တာဇာခြည်မင်းက ပြောသည်။

''ဒီလိုမှတ်တမ်းတင် ထိန်းသိမ်းတာတွေလုပ်ခြင်းအားဖြင့် နောင်မှာ အကြီးအကျယ်ပြုပြင်
စရာကိစ္စမျိုးတွေ ပေါ်ပေါက်လာခဲ့ရင် အထောက်အကူ အများကြီးရမှာပါ။ ကျွန်တော်တို့အဖွဲ့
အနေနဲ့ နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ရှေးဟောင်းသစ်သားအဆောက်အဦတွေကို
ထိန်းသိမ်းပြုပြင်မှုတွေ အတတ်နိုင်ဆုံး တစ်ပိုင်တစ်နိုင်လုပ်ဆောင်သွားမယ်။ နောက်ထပ်
ရွှေအင်ပင်ကျောင်းကို ထပ်လုပ်သွားဖို့ရှိတယ်။ ပြီးရင် ဦးပိန်တံတားရဲ့အခြေအနေကို
ပုံထုတ်တိုင်းတာသွားမယ်။ ကျွန်တော်တို့ အဖွဲ့စဖွဲ့ခဲ့တာ ငါးလလောက်ရှိသွားပြီ။
ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်ကနေ ၁၉၈၃ ခုနှစ်မှာ ဗိသုကာဘွဲ့ရပါတယ်။
ကျွန်တော်တို့ဆရာက ကိုယ်တတ်နိုင်တဲ့အင်အားနဲ့ ဒီလိုအဆောက်အအုံထိန်းသိမ်းတာ
တွေ လုပ်သင့်တယ်လို့ တွန်းအားပေးခဲ့တဲ့နောက်မှာ လုပ်ဖြစ်တာပါ''ဟု မြန်မာဗိသုကာ
အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဌ ဦးဇော်ဟိန်းက ပြောသည်။

ပြည်မင်းသားကျောင်းတိုက်အတွင်း ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ၊ ပလ္လင်တံကဲများ၊
စာတိုက်ဘီရိုများ၊ ယွန်းသေတ္တာများ၊ ဇာတ်တော်များဖြင့် ရုပ်လုံးရုပ်ကြွဖော်ထားသော
ကျွန်းသေတ္တာကြီးများ၊ ပေစာထုပ်များ၊ မှန်စီရွှေချလက်ရာများ၊ ရှေးဟောင်းကြေး
ခေါင်းလောင်းနှင့် တိုင်ရှည်များတွင် ကနုတ်ပန်းလက်ရာများကို လေ့လာနိုင်သည့်အပြင်
တံခါးပေါက်များတွင် ထူးခြားသောနတ်ရုပ်၊ သိကြားရုပ်နှင့် ပန်းပုရုပ်လုံးရုပ်ကြွများရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး