ပြန်လည်ရရှိသော ရေနံလက်ယက်တွင်း ရန်ပုံငွေများ သုံးစွဲရေး ညှိနှိုင်းနေ

ပြန်လည်ရရှိသော ရေနံလက်ယက်တွင်း ရန်ပုံငွေများ သုံးစွဲရေး ညှိနှိုင်းနေ

 

ယခင်အစိုးရလက်ထက်တွင် ပျောက်ဆုံးခဲ့သည့် ရေနံလက်ယက်တွင်း ရန်ပုံငွေအားလုံး ပြန်လည်ရရှိပြီဟု
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ဇူလိုင် ၃၁ ရက်တွင် သတင်းမီဒီယာများနှင့်
တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

''ကြံ့ခိုင်ရေးကို ပေးခဲ့တဲ့ ၁ ဒသမ ရ ဘီလျံရှိတယ်။ နောက်တစ်ခါ ကြံ့ခိုင်ရေးပါတီကို လှူခဲ့တဲ့ မော်တော်
ယာဉ်လေးစီး၊ ဘတ်ဟိုးတစ်စီး၊ ပဲ့ထောင်ရေယာဉ်နှစ်စင်းအဲဒါတွေ ပြန်ရပြီ။ ရွှေသုခ ငွေရေးကြေးရေး
လုပ်ငန်း ကို ပေးခဲ့တဲ့ ငွေသန်းပေါင်း ၅၇ဝ ပါ ပြန်ပေးပါတယ်။ အကုန်လုံးရပြီ'' ဟု ၄င်းက ပြောသည်။

ရေနံလက်ယက်တွင်း ရန်ပုံငွေ ပြန်လည်ရရှိမှုနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က
နိုင်ငံတော် သမ္မတရုံးကို အစီရင်ခံစာပေးပို့ထားသည်ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။

''ပြည်ထောင်စုက ညွှန်ကြားတဲ့ အတိုင်းပဲ ငွေကျပ်သန်းပေါင်း ၃,၂၇ဝ (သိန်းပေါင်း ၃၂,၇ဝဝ)ကို
အကုန်လုံး အကျေပေးသွားပြီ။ ယန္တရားတွေလည်း ပေးသွားပြီ။ ကျန်တဲ့သန်းလေးထောင်ကတော့
ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ ညွှန်ကြားတာဝန်ပေးချက်အရ တိုင်းဒေသကြီးစာရင်းစစ်ချုပ်က
ဒါတွေကို ဘယ်လိုသုံးစွဲတယ်ဆိုတာကို စုံစမ်းစစ်ဆေး မေးမြန်းနေတယ်လို့ ကျွန်တော်သိရတယ်'' ဟု
၄င်းက ပြောသည်။

ပြန်လည်ရရှိသည့်ငွေ ကျပ်သိန်းပေါင်း ၃၂,၇ဝဝ ကို ယခုနှစ်ကုန်တွင် လိုအပ်နိုင်သည့် ဖြည့်စွက်
ရန်ပုံငွေတွင် ထည့်သွင်းအသုံးပြုသွားမည်ဟု ဆိုသည်။

''သန်းပေါင်း သုံးထောင်ကျော်ကို သုံးရင်လည်းပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့
ဒါကို သုံးလို့ရသလား၊ သို့တည်းမဟုတ် မကွေးတိုင်းဒေသကြီးလွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့မှ
သုံးလို့ရမလားဆိုတာကို တိုင်ပင်ညှိနှိုင်းနေတယ်။ သုံးရင်လည်းပဲ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့
အညီသုံးရမှာပါ'' ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။

လက်ရှိအစိုးရလက်ထက်တွင် မကွေးတိုင်းဒေသကြီး အတွင်း ရေနံမှော်များ၌ ရေနံတစ်ပီပါလျှင်
ကျပ် ၃,ဝဝဝ နှုန်းဖြင့် ရေနံလက်ယက်တွင်းရန်ပုံငွေ ကောက်ယူလျက်ရှိရာ မတ် ၃၁ ရက်အထိ
ငွေကျပ်သန်းပေါင်း ၁,၅၈၅ သန်း ရရှိထားပြီး ဇူလိုင်လပါ ထည့်သွင်းမည်ဆိုပါက ကျပ်သန်းပေါင်း
၂,ဝဝဝ ခန့်ရှိနိုင်ကြောင်း ၄င်းက ပြောသည်။

ကောက်ခံရရှိသည့် ရန်ပုံငွေများကို ဒေသဖွံ့ဖြိုးရေးတွင် အသုံးပြုရန် မြို့နယ်များအလိုက်
ကျေးရွာချင်းဆက် လမ်းများဖောက်လုပ်ရန် ယန္တရားများ ဝယ်ယူသွားမည်ဟု ဆိုသည်။

ယခင်အစိုးရလက်ထက်တွင် မကွေးတိုင်း ဒေသကြီးအတွင်းရှိ လက်ယက်တွင်းရေနံမြေများကို
ပုဂ္ဂလိကစနစ်ဖြင့် တူးဖော်ထုတ်လုပ်ခွင့် ပြုရာတွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေ ကောက်ခံခဲ့သော်
လည်း မည်သို့သုံးစွဲခြင်းနှင့် လက်ရှိ အစိုးရကို စာရင်းဇယားဖြင့် စနစ်တကျလွှဲပြောင်းပေးခဲ့ခြင်း
မရှိမှုအပေါ် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းထွန်းက ပြီးခဲ့သည့်နှစ်
မေလတွင် လွှတ်တော်၌ မေးမြန်းရာမှ ရန်ပုံငွေပျောက်ဆုံးမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးရန်ပုံငွေများကို ပြည်ထောင်စုအဆင့် ပြန်လည်စစ်ဆေးခဲ့ပြီး ပြန်လည်လွှဲပြောင်းပေးရန်
သမ္မတရုံးက ညွှန်ကြားခဲ့ရာမှ ယခုကဲ့သို့ ပြန်လည်ရရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး