ပြည်တွင်းခရီးသွားရာသီအစဖြစ်သည့် တောင်ပြုန်းပွဲတော်ကို လက်ရှိဖြစ်ပွားနေသော H1N1
ရောဂါကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရက ရောဂါထိန်းချုပ်နိုင်သည့်အချိန်ထိ
ရက်အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်ကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာ
ခဲ့သည်။
နှစ်စဉ် ဇူလိုင် ၃၁ ရက်မှ သြဂုတ် ရ ရက်အထိ ကျင်းပမြဲဖြစ်သည့် တောင်ပြုန်းပွဲတော်သို့
မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က ပြည်တွင်း ခရီးသွားရှစ်သိန်းခန့် လာရောက်လေ့ရှိပြီး
ပွဲတော်ကျင်းပသည့်အချိန်မှ ဧပြီလကုန်ပိုင်းအထိကို ပြည်တွင်းခရီးသွားရာသီအဖြစ် သတ်မှတ်
ထားသည်။
''ပြီးခဲ့တဲ့နှစ်တွေတုန်းက တောင်ပြုန်းပွဲနဲ့ ကျိုက်ထီးရိုးဘုရားပွဲကိုလာတဲ့ ခရီးသွားအရေအတွက်ကို
ကြည့်ပြီး အဲဒီနှစ်ရဲ့ ခရီးသွားလုပ်ငန်းအခြေအနေကို ခန့်မှန်းလို့ရတယ်။ ဒီနှစ်အခြေအနေကတော့
ဘယ်လိုဖြစ်မယ်ဆိုတာ မမှန်းတတ်ဘူး။ H1N1 အခြေအနေကိုပဲ စောင့်ကြည့်နေရမှာပဲ''ဟု
ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်း၊ ဒုတိယဥက္ကဋ္ဌဟောင်း ဦးမျိုးကြီးက
ပြောသည်။
တောင်ပြုန်းပွဲတော်နောက်ပိုင်းတွင် ခရီးသွားအများဆုံးပွဲတော်များဖြစ်သည့် စက်တင်ဘာလတွင်
ပုပ္ပားပွဲတော်၊ အောက်တိုဘာလတွင် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် နိုဝင်ဘာတွင် တောင်ကြီး
တန်ဆောင်တိုင်ပွဲတော်စသည့် ပွဲတော်များရှိသော်လည်း H1N1 ရောဂါမထိန်းချုပ်နိုင်ပါက
ပြည်တွင်းခရီးသွားလုပ်ငန်း ရပ်တန့်နိုင်ကြောင်း ၄င်းက ပြောသည်။
''ရေကြီးတာက တစ်မျိုးတစ်မည်လုပ်လို့ရသေးတယ်။ ဘယ်ပွဲတော်ဖြစ်ဖြစ် အစုလိုက်အပြံုလိုက်
သွားကြတာဆိုတော့ ဒါက ဘယ်လိုမှလုပ်လို့ရတာ မဟုတ်ဘူး။ သေချာတာကတော့ H1N1
ရောဂါကြောင့် ဒီနှစ် ပြည်တွင်းခရီးသွား ရာခိုင်နှုန်းကျဆင်းနိုင်တယ်''ဟု ဦးမျိုးကြီးက
ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဇူလိုင် ၃၁ ရက်အထိ တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် ရာသီတုပ်ကွေး (H1N1) ရောဂါဖြစ်ပွားသူ ၆၂ ဦးနှင့် သေဆုံးသူ ၁၂
ဦးအထိ ရှိလာသည်။
ယခုမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော (H1N1) ရောဂါကြောင့် ပြည်ပခရီးသွားဧည့်သည်
များလည်း လာမည့် ခရီးသွားရာသီအတွက် ကြိုတင်ဝယ်ယူထားသည့်ခရီးစဉ်များ ဖျက်သိမ်းမှု
ရှိလာကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။
''လောလောဆယ် ခရီးစဉ်ဖျက်သိမ်းတဲ့ ခရီးသွားဧည့်သည် နှစ်ဦးရှိပြီ။ လက်ရှိအချိန်က
ခရီးသွားနည်းတဲ့ မိုးရာသီဆိုတော့ လာတဲ့သူနည်းတယ်။ ဒီထက်ပိုပြီး ပြင်းထန်လာမယ်
ဆိုရင်တော့ နောက်လာမယ့် ခရီးသွားရာသီအတွက် ထိခိုက်မှုရှိလာနိုင်တယ်''ဟု
Vivo Myanmar ခရီးသွားကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲထွန်းဦးက ပြောသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် H1N1 ရောဂါအခြေအနေကိုနိုင်ငံတကာက စောင့်ကြည့်လျက်
ရှိပြီး လူသေဆုံးမှုနှုန်း များလာပါက သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနများက
မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ခရီးသွားသတိပေးစာ ထုတ်ပြန်လာနိုင်သည်ဟု ၄င်းက
ပြောသည်။
''အဲဒီလို စာထုတ်လာပြီဆိုရင် ဒီရာသီအတွက်တော့ ခရီးသွားလုပ်ငန်း က ပြီးသွားပြီ။
စက်တင်ဘာမှာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ခရီးသွားပြပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့
သွားရောက်ပြသဖို့ ရင်းနှီးထားတဲ့ ပိုက်ဆံတွေလည်း ဆုံးရှုံးရမှာပဲ။ ဒီလိုအခြေအနေမျိုးမှာ
ခရီးသွားလုပ်ငန်းဝန်ကြီးဌာနအနေနဲ့ နောက်ဆုတ်မသွားဘဲ ရှေ့ဆက်တိုးပြီး တန်ပြန်တိုက်နိုင်
အောင် ကြိုးစားမှရမယ်''ဟု ဦးရဲထွန်းဦးက ပြောသည်။
အောက်တိုဘာတွင် Inbound ခရီးသွားရာသီ ပြန်လည်စတင်မည်ဖြစ် သောကြောင့် စက်တင်ဘာ
ဒုတိယအပတ်မတိုင်ခင် ံ၁ြ၁ နှင့် ပတ်သက်သည့် ထုတ်ပြန်ချက် ကြေညာပေးရန်လိုအပ်ကြောင်း
သူက ပြောသည်။
''စက်တာဘာ ဒုတိယအပတ်မတိုင်ခင် အစိုးရအနေနဲ့ 'H1N1 ရောဂါထိန်းချုပ်နိုင်ပြီ' ဆိုတာမျိုး
ထုတ်ပြန်နိုင်မှ ဖြစ်မယ်။ အဲဒါဆို ဒီနှစ်ခရီးသွားရာသီအတွက် မထိခိုက်နိုင်ဘူး။ အဲဒီလိုမှ
မလုပ်နိုင်ရင် ဒီနှစ်အတွက်တော့ သွားပြီ။ သိပ်မကြာခင်မှာ တစ်ခုခုဖြစ်မလာဖို့ပဲ ဆုတောင်း
နေရမယ်''ဟု ဦးရဲထွန်းဦးက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက
ထုတ်ပြန်သည့် ကြေညာချက်များအရ ဆက်စပ်သည့် အချက်အလက်များကို နိုင်ငံတကာခရီးသွား
ဧည့်သည်များ သက်ရောက်မှုရှိနိုင်မည့် သတင်း အကောင်းနှင့်အဆိုး နှစ်မျိုးစလုံး ထုတ်ပြန်သွားရန်
ရည်ရွယ်ထားကြောင်း ဟိုတယ်နှင့်ခရီးဝန်ကြီး ဦးအုန်း မောင်က ဇူလိုင် ၂၉ ရက်တွင်
မြန်မာတိုင်း(မ်)ကို ပြောသည်။
''ကျန်းမာရေးဝန်ကြီးဌာနနဲ့တိုင်ပင်ပြီးတော့ ထုတ်ပြန်ရမှာပါ။ H1N1 က တကယ်ကြီးကြီးမားမား
တစ်နိုင်ငံလုံး ပြန့်သွားတာ မဟုတ်သေးဘူး။ တချို့ဒေသမှာ ကွက်ကြားဖြစ်တာပဲရှိသေးတယ်။
အဲဒါကို ကျန်းမာရေးဝန်ကြီးဌာနက ထိန်းထိန်းသိမ်းသိမ်းဖြစ်နိုင်အောင် လုပ်နေတယ်။
လိုအပ်တဲ့ဆေးဝါးတွေကိုလည်း တင်သွင်းဖို့ စီစဉ်နေတယ်လို့ သိရတယ်''ဟု၄င်းက ပြောသည်။
ယခုအချိန်ထိ ခရီးစဉ်ဖျက်သိမ်းမှုလက်ခံရရှိခြင်း မရှိသေးသော်လည်းပြည်တွင်းရှိ နိုင်ငံတကာ
သံရုံးများ၏ ကြေညာချက်ကို စောင့်ကြည့်နေရသည်ဟု Exo ခရီးသွားကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ
ဒေါ်စုစုတင်က ဆိုသည်။
''တခြားနိုင်ငံတွေမှာလည်းဖြစ်ဖူးတော့ လပိုင်းလောက်နဲ့ပြီးသွားမယ်ထင်တယ်။ အခုက ခရီးသွားနည်းတဲ့
ရာသီ ဆိုတော့ သိပ်ပြီးမသိသာသေးဘူး။ ခုချိန်ထိ ဘယ်သံရုံးကမှတော့ မကြေညာသေးဘူး။
အထူးသဖြင့် အဓိက စျေးကွက်ဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်သံရုံးတွေရဲ့ ထုတ်ပြန်ချက်ကို
စောင့်ကြည့်နေရတယ်''ဟု ၄င်းက ပြောသည်။
ချက်ထရီယမ်ဟိုတယ် အထွေထွေမန်နေဂျာ ဒေါ်မေမြတ်မွန်ဝင်းက ''ဟိုတယ်အခန်း ကြိုတင်ဝယ်ယူထား
တဲ့သူတွေဘက်က ဖျက်သိမ်းတာမျိုးမရှိသေးဘူး။ အခုချိန်အထိတော့ အခြေအနေကောင်းနေသေးတယ်။
အားလုံးကတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို စောင့်ကြည့်နေရတယ်''ဟု
ပြောသည်။
လက်ရှိအချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်နှင့် ချင်းပြည်နယ်တို့တွင် H1N1ရောဂါဖြစ်ပွားနေပြီး
တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးများတွင် H5N1 ရောဂါပါ ဖြစ်ပွားလျက်ရှိကြောင်း
သိရသည်။
















