ပုဂံဘုရားများပေါ်မှ ရှုမျှော်ခင်းများ ကြည့်ရှုခြင်းကို လျော့ချရန် တည်ဆောက်နေသည့်
ရှုမျှော်ခင်းကြည့် တောင်ကုန်းနေရာအသစ်တစ်ခုကို ယခုလအတွင်း ဖွင့်လှစ်သွားမည်
ဖြစ်ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးဦးစိုးတင့်က ယခုလ ၁ ရက်တွင် ပြောသည်။
''အခု ဖွင့်လှစ်မှာက ညောင်လက်ဖက်ကန်တောင်ကုန်းဖြစ်ပါတယ်။ အဲဒီ ညောင်
လက်ဖက်ကန်တည်ဆောက်တာ အခု အကုန်ပြီးစီးသလောက် ဖြစ်နေပြီ။ ဒီလ ပထမပတ်
ထဲမှာတင် ဖွင့်လှစ်သွားဖို့ များတယ်။ အဲဒီနေရာ ဖွင့်လှစ်ပြီးတာနဲ့ ခရီးသွားတွေအနေနဲ့
နေဝင်နေထွက်ချိန် ရှုခင်းတွေကို ကြည့်ရှုလို့ရပြီ''ဟု ဦးစိုးတင့်က ပြောသည်။
အဆိုပါ ညောင်လက်ဖက်ကန် ရှုခင်းကြည့် တောင်ကုန်းတည်ဆောက်ခြင်းကို ဧပြီ ၁
ရက်က စတင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ရှုခင်းကြည့် တောင်ကုန်းပတ်ချာလည်တွင်
လျှောက်လမ်းများပါဝင်ကြောင်းနှင့် အနီးအနားတွင် ကားပါကင်များပါ ပါဝင်ကြောင်း
ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးစာရင်းများအရ သိရသည်။
စူဠာမဏိဘုရား အရှေ့တောင်ဘက်တွင် တည်ရှိသည့် ညောင်လက်ဖက်ကန်၏ အကျယ်
အဝန်းမှာ အလျား ၄ဝဝ၊ အမြင့် ၂၃ ပေနှင့် အကျယ် ၂၅ ပေခန့် ရှိကြောင်းနှင့် အဆိုပါ
တောင်ကုန်းပြီးစီးသည့်အတွက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း၌ ရှုမျှော်ခင်းကြည့်
တောင်ကုန်းငယ် သုံးခု ရှိလာပြီဖြစ်သည်။
''ဒီရှုခင်းကြည့် တောင်ကုန်းတည်ဆောက်တာမှာ ကျပ်သိန်းပေါင်း ၁,ဝဝဝ ကျော် ကုန်ကျပါ
တယ်။ အဲဒီနေရာမှာ လူ ၁,ဝဝဝ လောက်ထိ တစ်ပြိုင်နက် ကြည့်လို့ရသွားမှာဖြစ်ပါတယ်''
ဟု ဦးစိုးတင့်က ပြောသည်။
ပြီးခဲ့သည့်နှစ်က ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ပုဂံဘုရားများ ကြံ့ခိုင်ရေးအတွက်ရှုမျှော်ခင်း
ကြည့်နေရာအသစ်များကို ဖော်ဆောင်ခဲ့ရာ ကိုမောက်ကန်နှင့် အိုးထိန်းကုန်းတို့တွင်
ရှုမျှော်ခင်းကြည့်ရန်နေရာများ ဖော်ဆောင်ပေးပြီးဖြစ်သည်။















