အခြေခံပညာ မူလတန်းကျောင်းသားများကို စာအုပ်များ မျှဝေရန်စီစဉ်

အခြေခံပညာ မူလတန်းကျောင်းသားများကို စာအုပ်များ မျှဝေရန်စီစဉ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မျှဝေခြင်း
အစီအစဉ်အရ ချမ်းမြသာစည်မြို့နယ်ရှိအခြေခံပညာ မူလတန်းကျောင်းသားများအတွက် 
ကျောင်းသုံးစာအုပ်များကို မျှဝေသွားမည်ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။

ယခုကဲ့သို့ လှူဒါန်းခြင်းမှာ မန်းမြေရာဇာကုမ္ပဏီမိသားစု၏ ပညာရေးပံ့ပိုးကူညီမှုအပြင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ပညာရေးဆောင်ပုဒ်အရ
မျှဝေခြင်းဖြစ်ပြီး ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၃၄ ကျောင်းမှ
မူလတန်း ကျောင်းသား၊ ကျောင်းသူ ၁၈,ဝ၈၉ ဦးကို စာအုပ်များမျှဝေသွားမည်ဖြစ်ကြောင်း
မန်းမြေရာဇာ ကုမ္ပဏီလီမိတက် မန်းနေဂျင်းဒါရိုက်တာ ဒေါက်တာကျော်ဝင်းက ဆိုသည်။

''မန္တလေးမြို့နယ်တွေထဲမှာ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်က ဘက်ပေါင်းစုံမှာလိုအပ်
ချက်ရှိတယ်။ လိုအပ်ချက်တွေထဲကမှ အဓိကဖြစ်တဲ့ ပညာရေးလိုအပ်ချက်ကို တတ်နိုင်တဲ့
ဘက်က ဖြည့်ဆည်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အခုလို မျှဝေရခြင်း ဖြစ်ပါတယ်။
ကျောင်းသား ၁၈,ဝ၈၉ ဦးအတွက်စာအုပ်ဒါဇင်ပေါင်း ၄၅,ဝ၂၃ ကို ဝေမျှသွားမယ်။ အခု
ကနဦး မူလတန်းကျောင်းသားတွေကို ဝေမျှမယ်။ နောက်ထပ် အလယ်တန်းနဲ့အထက်တန်း
ကျောင်းသားတွေကို ဝေမျှသွားဖို့ စီစဉ်နေပါတယ်။ ကျွန်တော်ကိုယ်တိုင် ငယ်ငယ်တုန်းက
မပြည့်မစုံနဲ့ ပညာသင်ကြားခဲ့ရတယ်။ အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ပဲ ပညာသင်ခဲ့ရတယ်။ အခု
ကိုယ်တတ်နိုင်တာလေးတွေနဲ့ ပညာရေးကို ပြန်ပြီး မျှဝေရတာပါ'' ဟု ဒေါက်တာကျော်ဝင်း
က မြန်မာတိုင်း(မ်) ကိုပြောသည်။

ယခုကဲ့သို့ မျှဝေခြင်းအစီအစဉ်များကို မန္တလေးတိုင်းဒေသကြီးအတွင်း လုပ်ဆောင်နေခြင်း
ဖြစ်ရာ အဖွဲ့ချုပ်ဗဟိုမှ ခွဲတမ်းများကိုမျှဝေခြင်းအပြင် အလှူရှင် တစ်ဦးတစ်ယောက်ထဲက
မျှဝေခြင်းများလည်းရှိကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ
သိရသည်။

''အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုနဲ့အခုလို မျှဝေခြင်းတွေကို လုပ်ဆောင်တာပါ။ ပထမ
နှစ်တုန်းက ဗဟိုကနေရတဲ့ ခွဲတမ်းတွေနဲ့ ပညာရေးအတွက် လိုအပ်တဲ့ ကျောင်းတွေကို
မျှဝေတယ်။ ဒီနှစ်မှာ ဗဟိုရဲ့ ခွဲတမ်းကမရပေမဲ့ တစ်ဦးတစ်ယောက် အလှူရှင်ကြောင့်
ပညာရေးအတွက် လိုအပ်တဲ့ ကျောင်းသုံးပစ္စည်းလေးတွေကို မျှဝေနိုင်ခဲ့ပါတယ်''ဟု
မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးအဖွဲ့မှူး ဦးအောင်ကျော်မြင့်က
မြန်မာတိုင်း(မ်) ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး