ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုး
တိုးတက်ရေးအသင်းက အသင်းဝင်တွေရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာထူးချွန်စွာ
အောင်မြင်ခဲ့တဲ့ သားသမီးတွေကို ဆုပေးတဲ့ပွဲကို တက်ရောက်ဖြစ်ခဲ့ပါတယ်။
အဲဒီပွဲမှာ လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာ ဂုဏ်ထူးရှင်တွေနဲ့အတူ
ထူးချွန်စွာ အောင်မြင်ခဲ့သူတွေထဲမှာ မျက်လုံးနှစ်ဖက်စလုံး အမြင်အာရုံကွယ်နေပေမဲ့
စာမေးပွဲကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သူတစ်ဦး ပါဝင်လာတာကို စိတ်ဝင်စားဖွယ်
တွေ့ခဲ့ရတာကြောင့် မေးခွန်းတချို့ မေးမြန်းဖြစ်ခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။
သမီးရဲ့နာမည်၊ အသက်၊ တက္ကသိုလ်ဝင်တန်းမှာ သင်ယူခဲ့တဲ့ ဘာသာတွဲနဲ့ ကျောင်း
တွေကို ပထမဆုံးပြောပေးပါဦး။
သမီးနာမည် မသဲစုနန္ဒာ၊ အသက်က ၁၇ နှစ်ပါ။ တက္ကသိုလ်ဝင်တန်းမှာ ဝိဇ္ဇာဘာသာတွဲ
ယူခဲ့ပြီး စစ်ကိုင်းအထက (၂) ကနေ ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ သမီးအပါအဝင်
မျက်မမြင်လေးဦးဝင်ဖြေခဲ့တာမှာ သမီးအောင်ခဲ့တယ်။ စစ်ကိုင်းမျက်မမြင်ကျောင်းမှာ
သူငယ်တန်းကနေ ကိုးတန်းအထိ တက်ရောက်ခဲ့ပြီး နှစ်စဉ်အောင်မြင်ခဲ့ပါတယ်။
မျက်စိကွယ်တာ မွေးရာပါလား။ ဒါမှမဟုတ် မွေးပြီးမှ ကွယ်သွားတာလား။
အမေက သမီးကို ကိုယ်ဝန်လွယ်ထားချိန် နှစ်လလောက်မှာ အူအတက်ပေါက်လို့
ခွဲစိတ်ရရာကနေ ဆေးဒဏ်ကြောင့် မွေးဖွားလာချိန်ကတည်းက မျက်လုံးကွယ်နေတာပါ။
မျက်လုံးကွယ်နေတော့ စာသင်ကြားကျက်မှတ်ရာမှာ ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ။
အဲဒါတွေကို ဘယ်လို ကျော်ဖြတ်သလဲ။
သင်ကြားရေးမှာ အခက်အခဲရှိပါတယ်။ စာရွက်ပေါ် ရေးရတာမဟုတ်ဘဲ သင်္ကေတနဲ့
ရေးရတာဆိုတော့ သချင်္ာလို ဘာသာရပ်မှာ အခက်အခဲဖြစ်တယ်။ အမြင်အာရုံမရတဲ့
အတွက် ဆရာမတွေသင်တာကို အသံနဲ့သေချာနားထောင်ပြီး လိုက်မှတ်ရပါတယ်။
စာမေးပွဲမဖြေခင်မှာ စိတ်ကို ဘယ်လိုဆုံးဖြတ် ပြင်ဆင်ထားခဲ့လဲ။
စာသင်နှစ် မစခင်ကတည်းက ဒီစာမေးပွဲကို အောင်ကို အောင်ရမယ်ဆိုတဲ့စိတ် ထားခဲ့
ပါတယ်။ အဲဒီစိတ်နဲ့ပဲ မှန်မှန်လေး ကြိုးစားခဲ့တယ်။
စာကျက်ချိန်တွေ ဘယ်လို သတ်မှတ်ခဲ့သလဲ။
မနက် ၈ နာရီခွဲကနေ ညနေ ၃ နာရီခွဲအထိက ကျောင်းတက်ချိန်ပါ။ ကျောင်းဖွင့်ရက်တွေမှာ
တစ်နေ့ကို စာကြည့်ချိန် ၃ နာရီ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ အနည်းဆုံး ၅ နာရီထားပြီး
ကျက်မှတ်ပါတယ်။
ဘယ်လို အပန်းဖြေလဲ။
သီချင်းနားထောင်တယ်။ ပြီးတော့ ကိုးတန်းတုန်းက ဆုရထားတဲ့ လက်ပ်တော့နဲ့ အသံ
သွင်းထားတဲ့ သင်ခန်းစာတွေကို နားထောင်တယ်။
စာမေးပွဲဖြေတော့ ဘာအခက်အခဲတွေ တွေ့ရသလဲ။ အမှတ်ပေါင်း ဘယ်လောက်
ရသလဲ။
စာမေးပွဲမှာ သမီးအတန်းထက် တစ်ဆင့်နိမ့်တဲ့ ကိုးတန်းကျောင်းသူတစ်ယောက်က
သမီးပြောတာကို ရေးပေးရပါတယ်။ သင်္ချာလိုဘာသာရပ်မှာ မျက်လုံးမမြင်ရတော့
ပုံဆွဲတာမျိုးတွေကို အကုန်လက်လွှတ်ရပါတယ်။ အမှတ်ပေါင်းက ၃၁၂ မှတ်ရပါတယ်။
ရှေ့ဆက်ပြီး ဘာတွေလုပ်ဖို့ စိတ်ကူးထားသလဲ။
အဝေးသင် အင်္ဂလိပ်စာလျှောက်မယ်။ အင်္ဂလိပ်စာရမှတ်က ရ၂ မှတ်ရထားပါတယ်။
ကွန်ပျူတာနဲ့ ဂျပန်ဘာသာစကား သင်မယ်၊ ရန်ကုန် ကြည့်မြင်တိုင်မှာ ကျောင်းသွားတက်
ပါမယ်။ ဒီပညာရပ်တွေကို အကျိုးရှိအောင် အသုံးချရင်း ဖြတ်သန်းသွားချင်ပါတယ်။
ကိုယ်နဲ့ ဘဝတူ မျက်မမြင်တွေအတွက်ရော၊ လာမယ့် တက္ကသိုလ်ဝင်တန်းကို ဖြေဆိုမယ့်
သူတွေအတွက်ပါ ဘယ်လိုစကား ပါးချင်ပါသလဲ။
ကိုယ် မျက်စိမမြင်ဘူးဆိုပြီး စိတ်ဓာတ်မကျကြပါနဲ့။ သမီးဆိုလည်း အခက်အခဲတွေ
အများကြီး ကြံုခဲ့ရပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျဘဲ စိတ်အားထက်သန်မှုနဲ့ ဖြတ်သန်းခဲ့
ပါတယ်။ ပြီးတော့တခြားသူတွေကိုလည်း ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်ခွန်အားကို မြှင့်တင်ကြ
ပါလို့ ပြောချင်ပါတယ်။ ဘယ်လိုအကြောင်းနဲ့မှ စိတ်ဓာတ်မကျစေဘဲ အောင်မြင်အောင်
ကြိုးစားကြပါလို့ စကားလက်ဆောင်ပါးချင်ပါတယ်။
















