မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတွင် သီးနှံကာကွယ်ရေး ဆေးခန်းများ ဖွင့်လှစ်သွားမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတွင် သီးနှံကာကွယ်ရေး ဆေးခန်းများ ဖွင့်လှစ်သွားမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတွင် သီးနှံကာကွယ်ရေးဆေးခန်း 
(Plant Clinic) များ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းတိုင်းဒေသကြီး သီးနှံကာကွယ်ရေး
တာဝန်ခံ ဒေါ်ကေသီဝေက ပြောသည်။

''လူတွေမှာ ဆေးပေးခန်းလို အပင်ကာကွယ်ရေးအတွက်ဆေးခန်းဆိုပြီး ခရိုင်အလိုက်
လုပ်မှာ။ ရွေ့လျားအနေနဲ့လုပ်မယ်။ တစ်နေရာတည်းမှာပဲ ဆေးပေးခန်းဖွင့်ရင် အလှမ်း
ဝေးတဲ့ တောင်သူတွေက မရောက်နိုင်တော့ဘူး။ ဥပမာ မလှိုင်မှာဖြစ်တယ်ဆိုရင် မလှိုင်ကို
သွားမယ်။ မလှိုင်စိုက်ပျိုးရေးရုံးမှာ နှစ်ပတ် တစ်ကြိမ်ဖွင့်မယ်'' ဟု ၄င်းက ပြောသည်။

တောင်သူများသည် ရောဂါပိုးကျရောက်သော မိမိတို့၏အပင်များကို သီးနှံကာကွယ်ရေး
ဆေးခန်းသို့ ယူဆောင်လာရမည်ဖြစ်ကာ ရောဂါနှင့်ပတ်သက်၍ သီးနှံကာကွယ်ရေးဆေး
ပေးခန်းက ပြန်လည်ဖြေရှင်းပေးမည် ဖြစ်သည်။

''အပင်နဲ့ ပတ်သက်ပြီး သိချင်တာကို ယူလာပြီး သီးနှံကာကွယ်ရေးဝန်ထမ်းတွေက
ပြန်လည်ဖြေရှင်းပေးမှာပါ။ ပိုးသတ်ဆေးတော့မရောင်းဘူး။ ဒါပေမဲ့ ဒီသီးနှံမှာ ဒီပိုးကျတယ်။
ကျတဲ့ပိုးကို ကာကွယ်နှိမ်နင်းဖို့ ဒီဆေးကို သုံးမယ်။ အဲဒီဆေးကို ဘယ်ဆိုင်မှာရနိုင်တယ်။
အဲဒီလိုဆိုင်တွေနဲ့ ချိတ်ဆက်ပေးမယ်''ဟု ဒေါ်ကေသီဝေက ပြောသည်။

သီးနှံများတွင် ရောဂါပိုးများ ဆိုးဆိုးဝါးဝါးကျရောက်ပါက စိုက်ပျိုးရေးဆေးကုမ္ပဏီများကို
ခေါ်ယူကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ယခုကဲ့သို့ သီးနှံကာကွယ်ရေးဆေးခန်းများ ဖွင့်လှစ်ပေးပါကတောင်သူများအတွက်
အကျိုးရှိကြောင်း ပုသိမ်ကြီးမြို့နယ် မြို့တောကျေးရွာမှ တောင်သူဦးစိုးလှိုင်က ပြောသည်။

''ဒါဟာ ကောင်းတဲ့အလားအလာပါ။ တောင်သူတွေအတွက် အများကြီးအကျိုးရှိမှာပါ။
ဒါပေမဲ့ အဲဒီလိုဆေးခန်းတွေ ဘယ်နေရာတွေမှာရှိတယ်။ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ
တောင်သူတွေသိဖို့လည်း လိုပါတယ်။ တောင်သူတွေက ဒီလိုဆေးခန်းတွေရှိမှန်း
မသိရင်တော့ အကျိုးမရှိနိုင်ဘူးပေါ့''ဟု ၄င်းက ပြောသည်။

သီးနှံစိုက်ခင်းများတွင် အပင်ရောဂါတစ်မျိုးတည်းသာမက ပိုးမွှားများ၊ ပေါင်းပင်များ၊
ခရုများနှင့် ကြွက်များကျရောက်ကာ သီးနှံစိုက်ခင်းများပျက်စီးတတ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး