အခုတစ်လော မန္တလေးမြို့က မီးပွိုင့်တော်တော်များများမှာ ယာဉ်ထိန်းရဲများမရှိရင်
ဆိုင်ကယ်စီးသူတွေဟာ တစ်ဖက်ယာဉ်ကြောကို မကြည့်ဘဲ မီးနီဖြတ်ပြီး မောင်းနေကြ
တာကို အကြိမ်ပေါင်းများစွာ မြင်တွေ့လာရပါတယ်။
မီးနီလို့ ဆက်မောင်းရင် မလိုလားအပ်တဲ့ယာဉ်အန္တရာယ်တွေ ဖြစ်ပေါ်ပြီး အသက်အန္တရာယ်
ဆုံးရှုံးရတဲ့အထိ ဖြစ်ပေါ်တတ်တာကို အားလုံးအသိ ဖြစ်ပေမဲ့ ခဏတာရပ်ပြီး စောင့်ရမှာကို
မစောင့်နိုင်ဘဲ ဖြတ်မောင်းတော့ တစ်ဖက်ကလာတဲ့ ယာဉ်နဲ့ တိုက်မိပြီး အသက်ဆုံးရှုံးမှု
တွေ၊ ကိုယ်ခန္ဓာ ကျိုးပဲ့ခြင်းတွေ ဖြစ်ပေါ်ကြတာကိုလည်း တွေ့ရပါတယ်။
မီးနီနေလို့ ခဏတာ ရပ်စောင့်ရမှာကို မစောင့်ဘဲ ဖြတ်မောင်းတဲ့အတွက် ကိုယ့်ကြောင့်
တခြားသူတွေကိုလည်း ဒုက္ခပေးနေသလို ဖြစ်နေပါတယ်လို့ လမ်းအသုံးပြုသူတွေက
ပြောပါတယ်။
''ကျွန်တော့်ဘက်က မီးစိမ်းနေလို့ မောင်းတာပါ။ တစ်ဖက်က မီးနီနေတာကို ဇွတ်မောင်း
လာလို့ တိုက်မိတယ်။ တိုက်မိသွားတော့ ကျွန်တော့်ရဲ့ ဆိုင်ကယ်ကာဗာတွေ ကျိုးပဲ့
သွားတယ်။ တိုက်တဲ့သူကတော့ တော်တော်ထိခိုက်မိသွားတယ်။ ကျွန်တော်ကတော့
လက်ဘဲ ပွန်းပဲ့သွားတယ်။ ဆိုင်ကယ်တော့ ပြင်လိုက်ရတယ်''လို့ ပြီးခဲ့တဲ့တစ်ပတ်က
မီးပွိုင့်မှာ အတိုက်ခံရတဲ့ ကိုဝေဖြိုးအောင်က ပြောပါတယ်။
မီးနီဖြတ်မောင်းတာ လူငယ်တွေ များသလိုတစ်ခါတစ်ရံမှာ လူကြီးတွေလည်း ပါနေပါတယ်။
မီးနီရင် ရပ်ရမှာ အားလုံးလည်း သိပြီးဖြစ်သလို အားလုံး လိုက်နာရမယ့် စည်းကမ်း
တစ်ခုပါ။ တစ်ဦးချင်းစီလိုက်နာမှ ယာဉ်တိုက်မှုတွေလည်း လျော့နည်းပျောက်ကွယ်သွား
မှာပါ။ ပြောင်းလဲတိုးတက်လာမှုတွေနဲ့အတူ ကျွန်တော်တို့ မန္တလေးမြို့ကြီးဟာလည်း
ကားတွေ၊ ဆိုင်ကယ်တွေ ပေါများလာပြီးလမ်းတွေမှာ တစ်ခါတစ်ရံ ယာဉ်ကြောကျပ်မှုတွေ
ဖြစ်ပေါ်နေပါပြီ။
ဆိုင်ကယ်မြို့တော်လို့ တင်စားနေတဲ့ မန္တလေးမြို့ကြီးမှာနေထိုင်သူတိုင်း မီးနီရင်ရပ်စောင့်ဖို့
အသိတရားရှိရှိ လိုက်နာကြရင်ယာဉ်တိုက်မှုတွေ လျော့နည်းသွားမှာ အသေအချာပဲဖြစ်ပြီး
အထူးသဖြင့် လူငယ်တွေလိုက်နာဖို့ တိုက်တွန်းချင်ပါတယ်လို့ မန္တလေးမြို့မှာ နေထိုင်သူ
တစ်ဦးဖြစ်တဲ့ ကိုအောင်ချိုမင်းက ပြောပါတယ်။
''မီးနီနေတာကို ဇွတ်မောင်းလာတာ လူငယ်တွေ များပါတယ်။ တစ်ခါတလေ မီးစီမ်းပြီးလို့
မီးနီခါနီးမှာ ဇွတ်မောင်းလာတဲ့ ဆိုင်ကယ်တွေလည်း ရှိပါတယ်။ မီးနီရင်ရပ်ဖို့ အားလုံး
လိုက်နာရမှာပါ။ မီးနီက တစ်ဦးတစ်ယောက်အတွက် ချမှတ်ထားတဲ့ စည်းကမ်းမဟုတ်
ပါဘူး။ အားလုံးအတွက် ချမှတ်ထားတဲ့ စည်းကမ်းဖြစ်ပါတယ်''လို့ သူက ပြောပါတယ်။
မီးနီမိလို့ ရပ်ပြီး မစောင့်နိုင်ရင် အိမ်ကနေစောပြီး ထွက်လာသင့်ပြီး ကိုယ့်ရဲ့ အိမ်ပြန်ချိန်ကို
အိမ်က မိသားစုတွေက စောင့်ကြိုနေတယ်ဆိုတာလည်း သတိရပါလို့ သူက ဆိုပါတယ်။
အဲဒီအတွက် ဆိုင်ကယ်စီးရင် စည်းကမ်းလိုက်နာပြီး ဂရုတစိုက် စီးကြပါလို့လည်း သူက
တိုက်တွန်းခဲ့ပါတယ်။
ညပိုင်းမှာတော့ မီးနီဖြတ်မောင်းသူတွေပိုများပါတယ်။ ညပိုင်းမှာ ကားတွေကလည်း
မီးစိမ်းတာကို မစောင့်ဘဲ မောင်းသွားလေ့ရှိတာကို တစ်ခါတစ်ရံမှာ တွေ့မြင်နေရပါတယ်။
မီးနီဖြတ်မောင်းတာအပြင် ဆိုင်ကယ်ဦးထုပ်မဆောင်းတာ၊ ဆိုင်ကယ်တစ်စီးတည်းကို
သုံးယောက်လောက်စီးလေ့ ရှိတာတွေကလည်း မန္တလေးရဲ့ဓလေ့တစ်ခုလိုပါပဲ။
မန္တလေးတိုင်းဒေသကြီးမှာ ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလကုန်အထိ
ယာဉ်တိုက်မှုကြောင့် လူ ရဝဝ နီးပါးလောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒဏ်ရာရသူတွေ
ကတော့ ၃,၄ဝဝ နီးပါးလောက် ရှိခဲ့ပါတယ်။ ဒီယာဉ်တိုက်မှုတွေက ယာဉ်မဆင်မခြင်
မောင်းနှင်တာ၊ အရှိန်ပြင်း မောင်းနှင်တာတွေကြောင့် အများဆုံး ဖြစ်ရတာပါ။
''ယာဉ်မောင်းတဲ့သူတိုင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဖို့ အများကြီး လိုအပ်
နေသေးပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့က အသိပညာပေး လက်ကမ်းစာစောင်တွေဖြန့်ဝေမှု
တွေနဲ့ အခြေခံပညာကျောင်းတွေမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး
ဟောပြောမှုတွေ ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ တစ်ဦးချင်း တစ်ယောက်ချင်းဆီကနေ
စည်းကမ်းလိုက်နာမှုတွေ လိုအပ်နေသေးပါတယ်''လို့ မန္တလေးမြို့က ယာဉ်ထိန်းရဲ
တစ်ဦးက ပြောပါတယ်။
နိဂုံးချုပ် ထပ်လောင်းသတိပေး နှိုးဆော်လိုတာကတော့ အမြန်ရောက်လိုစိတ်ကြောင့်
မီးနီနေတာကို မစောင့်ဘဲ ဖြတ်မောင်းတဲ့အတွက် စည်းကမ်းတကျ မောင်းလာတဲ့ကားတွေ၊
ဆိုင်ကယ်တွေ ကိုယ့်ကြောင့် ဒုက္ခ မရောက်အောင် ကျေးဇူးပြု၍ မီးနီလျှင်ရပ်ပေးပါလို့။
















