အနော်ရထာမင်း လက်ထက်ကတည်းကစကျင်းပခဲ့တယ်လို့ အဆိုရှိပြီး ညမထွက်ရအမိန့် ထုတ်ပြန်
ခဲ့တဲ့ကာလနဲ့ တိုက်ဆိုင်ချိန်မှာတောင် အစဉ်အလာမပျက် ကျင်းပဖြစ်ခဲ့တဲ့တောင်ပြုန်းပွဲဟာ ဒီတစ်နှစ်
ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ အတွေ့မှာတော့ ပြောစမှတ်ဖြစ်သွားခဲ့ရပါပြီ။
မြန်မာပြက္ခဒိန်ရက်နဲ့ သတ်မှတ်ကျင်းပတဲ့တောင်ပြုန်းပွဲတော်ရက်တွေဟာ ဒီနှစ်မှာ ဇူလိုင်၃၁
ရက်ကနေ သြဂုတ် ရ ရက်အတွင်း ကျရောက်နေပါတယ်။ ဒါပေမဲ့ တောင်ပြုန်းပွဲတော်ရဲ့ ထုံးစံအတိုင်း
ပွဲတော်ရက်တွေမှာ မလာနိုင်တဲ့သူတွေက ပွဲမစခင်ကတည်းက မင်းနှစ်ပါးကိုဆက်သဖို့ လာရောက်နေ
ကြတာကြောင့်တောင်ပြုန်းသွားတဲ့လမ်းဟာ ပွဲမစခင် နှစ်ရက်၊သုံးရက်လောက် အလိုကတည်းက
ကား၊ဆိုင်ကယ်တွေနဲ့ ပိတ်ဆို့နေသလို စျေးသည်တွေကလည်း အဆင်သင့် နေရာယူပြီးကြပါပြီ။
တောင်ပြုန်းပွဲတော်မတိုင်မီ ရက်ပိုင်းအလိုမှာ ရာသီတုပ်ကွေးရောဂါသတင်းက တော်တော် ပျံ့နှံ့လာ
ပါတယ်။ နှစ်စဉ် ပွဲတော်ရက်တွေတိုင်းမှာ လူပေါင်းသိန်းချီ လာရောက်လေ့ရှိတဲ့ ပွဲတော်နဲ့ပတ်သက်ပြီး
အမြင်အမျိုးမျိုးကလည်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကို တက်လာပါတယ်။ ဇူလိုင် ၂၈ ရက်မှာတော့
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ တောင်ပြုန်းပွဲတော်မှာ ပါဝင်တဲ့ ဇာတ်ပွဲတွေနဲ့
ရုပ်ရှင်ပြသခွင့်တို့ကို ပိတ်ပင်လိုက်ပြီး ရာသီတုပ်ကွေးရောဂါ ဖြစ်တဲ့သူတွေ့ရင် ပွဲတော်ကို ပိတ်မယ်၊
ကျန်းမာရေးပညာပေးတွေ လုပ်ပြီးနှာခေါင်းစည်းတွေကို ပွဲတော်ကာလအတွင်း သိန်းချီဝေသွားမယ်လို့
ကနဦး ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ့ ဇူလိုင် ၃ဝ ရက်မှာတော့ အစည်းအဝေး ထပ်ခေါ်လိုက်ပြီး တောင်ပြုန်းပွဲ ကျင်းပမယ့်ရက်ကို
အရေးပေါ် ရွှေ့ဆိုင်းလိုက်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထုတ်ပြန်လိုက်တဲ့ ဒီထုတ်ပြန်ချက်မှာ ပွဲတော်
ရက်အတွင်း တစ်နိုင်ငံလုံးကလာတဲ့ ပမာဏဟာ နေ့စဉ် အင်အား တစ်သိန်းဝန်းကျင်ခန့်ရှိပြီး
ရောဂါဖြစ်ပွားမှုနဲ့ ပြန့်ပွားမှုဟာ ပြည်သူလူထုတစ်ရပ်လုံးအတွက် အထူးစိုးရိမ်ဖွယ်ဖြစ်ကြောင်း၊
တောင်ပြုန်းပွဲတော် ကျင်းပခွင့်ကို H1N1 ရောဂါထိန်းချုပ်နိုင်တဲ့ ကာလအထိပွဲတော်ရက်ကို
အရေးပေါ် ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
''ဒီနှစ်ထဲကတော့ ပွဲတော်ကျင်းပဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီနှစ် ဆိုင်ခန်းအားလုံးပေါင်းက ၈ဝဝ
ကျော် ရှိပါတယ်။ ဒီဆိုင်ခန်းတွေကစရန်တွေ ပေးထားတော့ ဒါကို ပြန်မထုတ်ပေးတော့ပဲ
လာမယ့်နှစ်အတွက် စရန်ငွေအဖြစ်ပဲထားလိုက်တော့တယ်။ လာမယ့်နှစ်မှာ သတ်မှတ်နှုန်းထက်
ကျပ် ၂ဝ,ဝဝဝ ကို လျှော့ပေးမယ်။ ဇာတ်ရုံနှစ်ရုံ၊ လျှပ်စစ်လုပ်ငန်း၊ ရုပ်ရှင်ရုံ၊ညောင်ပင်ဝိုင်း
လုပ်ငန်းတွေရဲ့ လေလံကြေးတွေကို ပြန်ထုတ်ပေးသွားမယ်''လို့ တောင်ပြုန်းပွဲတော် ကျင်းပရေး
ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဒီလ ၁ ရက်မှာ တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ
ပြောပါတယ်။

တောင်ပြုန်းဟာ ရိုးရာပွဲဖြစ်ပြီး သူ့သတ်မှတ်ရက်အတိုင်း ကျင်းပရတဲ့ ပွဲဖြစ်ကြောင်း ပြောပါတယ်။
ဆိုင်ခန်းတွေ ပြန်ဖျက်သိမ်းဖို့ အချိန်သုံးရက်ရထားကာ လောလောဆယ်မှာ ရွာထဲက
ကနားတဲနန်းတွေလည်း ၃ဝ ရာခိုင်နှုန်းလောက် သိမ်းဆည်းပြီးပြန်ကုန်ကြပြီလို့ ဦးခင်မောင်ဆွေက
ပြောပါတယ်။ လက်ရှိမှာမန္တလေးမတ္တရာကားလမ်းကနေ တောင်ပြုန်းပွဲအဝင်လမ်းကစပြီး
လာတဲ့သူတွေကို လုံခြံုရေးချထားကာ တားဆီးထားပါတယ်။
''ဒီပွဲက တခြားပွဲတော်တွေနဲ့ မတူပါဘူး။ ဒီလ၊ ဒီအချိန်၊ ဒီပွဲလုပ်ရမယ်ဆိုတာမျိုးပါ။ ရှေးကတည်းက
အစဉ်အလာရှိခဲ့တာကြောင့် ရက်ရွှေ့ရင်တောင် အခက်အခဲတွေဖြစ်မယ်။ လူစည်ကားမှုလည်း
စဉ်းစားစရာဖြစ်မယ်။ ဒါပေမဲ့ စီးပွားရေးတစ်ခုတည်းကို ကြည့်ပြီး လုပ်မယ်ဆိုပြန်ရင် တစ်ဖက်မှာ
ရောဂါတကယ်ဖြစ်လာရင် မလွယ်ပါဘူး။ ကျွန်မတို့ စျေးသည်တွေကတော့ဆုပ်စူး စားရူး
အခြေအနေ ဖြစ်သွားတာပေါ့''လို့ တောင်ပြုန်းပွဲမှာ ပျော်ပွဲရွှင်ပွဲလုပ်ငန်း လုပ်ကိုင်မယ့်
ဒေါ်ချိုချိုဝင်းက ပြောပြပါတယ်။
ဝန်ကြီးချုပ်ကတော့ တောင်ပြုန်းပွဲကို ရက်ရွှေ့ဆိုင်းတဲ့အပြင်တိုင်းဒေသကြီးအတွင်း ကျင်းပဖို့
ကျန်နေသေးတဲ့ ပွဲတော်တွေကိုရောဂါပိုးထိန်းချုပ်နိုင်မှသာ ကျင်းပဖို့ ခွင့်ပြုမယ်လို့ အသိပေးထား
ပါတယ်။ တောင်ပြုန်းပွဲပြီးတဲ့အခါ အစဉ်အလာအတိုင်းဆို မကြာခင်မှာ ရတနာ့ဂူနတ်ပွဲက
ကျင်းပတော့မှာပါ။
နတ်ကိုးကွယ် ယုံကြည်မှုနဲ့အတူ စီးပွားတက်ဖို့၊ ရာထူးဌာန နေရာရဖို့၊ ကျန်းမာရေးကောင်းဖို့ဆိုတဲ့
မျှော်လင့်ချက်တွေနဲ့ အလွှာစုံလူစုံလာကြတဲ့ တောင်ပြုန်းပွဲဟာ ညီလာခံ၊ ချိုးရေတော်သုံး
ပွဲနေ့တွေကစပြီး ကြိတ်ကြိတ်တိုး စည်ကားတတ်ပေမဲ့ အခုအခါမှာတော့'မီးရထားနဲ့
လာနော်လာနော်၊ ကားကလေးနဲ့လာနော် လာနော်၊ လှည်းယာဉ်လေးနဲ့ပိုလို့ပိုလို့ပျော်' ဆိုတဲ့
တောင်ပြုန်းသီချင်းသံတွေလည်း တိတ်ဆိတ်နေတော့မှာပါ။ ခြွေရံသင်းပင်း နောက်လိုက်
နောက်ပါတွေ၊အဆောင်အယောင် အခမ်းအနားတွေနဲ့နန်းကြီးပေါ်မှာ တက်ပွဲတက်ဖို့
အားခဲထားတဲ့ နတ်ကတော်တွေလည်း ဒီတစ်နှစ်တော့ခဲထားသမျှ အားလျှော့ကြလောက်ပါပြီ။
ထိန်ပင်ခုတ်တဲ့နေ့မှာ ထိန်ပင်ခုတ်ရာကထွက်လာတဲ့ ထိန်ပင်သားအပိုင်းအစဟာစီးပွားတက်ပြီး
အန္တရာယ်ကင်းတယ်လို့ယူဆကြတဲ့အတွက် ကိုယ့်အန္တရာယ်ကိုကိုယ်မမှုနိုင်ပဲ အလုအယက်
လုကြမယ့်သူတွေလည်း ရှေ့နှစ်ကိုသာ မျှော်ကြရဖို့ ရှိပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းနဲ့ ၁၉၈၈ ခုနှစ်အရေးအခင်းကာလတွေမှာ အစဉ်အလာမပျက်ခဲ့တဲ့
တောင်ပြုန်းပွဲနဲ့ ရာသီတုပ်ကွေးရောဂါ ဘယ်အရာကို ပိုအာရုံရသလဲ မေးရင် တစ်ဦးချင်းစီရဲ့
အဖြေတွေက ကွဲပြားနေမှာ သေချာနေပါရဲ့။
















