မဟာအောင်မြေကျောက်ဝိုင်းတွင် ကျောက်ကုန်ကြမ်းရှားပါးမှုများ ဖြစ်ပေါ်နေသည့်အပြင်
အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း စျေးကောင်းရရှိမှု မရှိသည်မှာ နှစ်များစွာ ကြာမြင့်နေပြီဖြစ်ပြီး
အရောင်းအဝယ်အလားအလာကို ခန့်မှန်းရန် ခက်ခဲနေဆဲဖြစ်ကြောင်း မဟာအောင်မြေ
ကျောက်ဝိုင်းမှ ကျောက်အရောင်းအဝယ်ပြုလုပ်သူများက ဇူလိုင် ၂၉ ရက်တွင် ပြောသည်။
''အရောင်းအဝယ်တွေကတော့ အမြဲလည်ပတ်နေတာပါ။ စျေးမရတာတစ်ခုပါပဲ။ စျေးကွက်ပျက်နေတာ
ခြောက်နှစ်လောက်တောင် ရှိနေပါပြီ။ အရင်က ပြန်ရောင်းရင် စျေးကောင်းရတယ်။ အခုတော့
အမြတ်နည်းနည်းကျန်ဖို့ တော်တော်ရောင်းယူနေရတယ်'' ဟု ကျောက်စိမ်းအထည်လိုင်းမှ
ကိုဝေဖြိုးသူက ပြောသည်။
မဟာအောင်မြေကျောက်ဝိုင်းတွင် ယခုရက်ပိုင်းအတွင်းကျောက်ကုန်ကြမ်း ပိုမိုရှားပါးမှုသည်
မိုးတွင်းကာလဖြစ်နေသည့်အတွက် ဖားကန့်မှ ကျောက်မှော်များ ပိတ်ထားခြင်းကြောင့်
ဖြစ်နိုင်ကြောင်း၊ နေပြည်တော်တွင် သြဂုတ် ၂ ရက်၌ ကျောက်မျက်ရတနာပြပွဲရှိသည့်အတွက်
ပြပွဲပြီးလျှင် မဟာအောင်မြေကျောက်ဝိုင်းသို့ ကျောက်ဝင်ရောက်မှု ရှိမရှိစောင့်ကြည့်ရမည့်
အနေအထားဖြစ်ကြောင်း ပွင့်ကောင်းကျောက်မျက်ရောင်းဝယ်ရေးမှ ဦးသန်းဝင်းက ပြောသည်။
''အရောင်းအဝယ်က ရပ်တန့်နေတာတော့ မဟုတ်ပါဘူး။ ပါးတယ်လို့ ပြောလို့ရတယ်။
ကျောက်ကုန်ကြမ်း ရှားတော့အရောင်းအဝယ် မဖြစ်တာပါ ။ အရောင်းအဝယ်ဖြစ်လည်း စျေးက
ထင်သလောက် မရပါဘူး။ ကျောက်စိမ်းစျေးကွက်က ခန့်မှန်းလို့ခက်နေတဲ့ အနေအထားဖြစ်နေ
တယ်'' ဟု ၄င်းက ပြောသည်။
မဟာအောင်မြေကျောက်ဝိုင်းတွင် အရောင်းအဝယ်ဖြစ်ပွားမှု နည်းပါးသည့်အပြင် စျေးမရသည့်
အတွက် ဖားကန့်ကျောက်မှော်များအထိ အရောင်းအဝယ် သွားရောက် ပြုလုပ်သူများလည်း
များပြားလာခဲ့ကြောင်း ဖားကန့်ကျောက်မှော်များတွင် အရောင်းအဝယ် သွားရောက်ပြုလုပ်နေသည့်
ကိုစိုးညွန့်က ပြောသည်။
''ဖားကန့်မှာတော့ အရောင်းအဝယ်ဖြစ်တာ များတယ်။ စျေးလည်းရတယ်။ မန္တလေးကျောက်ဝိုင်း
မှာတော့ အရောင်းအဝယ် ပြုလုပ်ရတာ ကြာတယ်။ စျေးလည်းမရဘူး။ ဖားကန့်မှာတော့ သိန်းရာပိုင်း၊
ထောင်ပိုင်းတွေအထိ အရောင်းအဝယ်ဖြစ်တယ်။ စျေးကလည်းရတော့ အခုနောက်ပိုင်းဖားကန့်မှာပဲ
အရောင်းအဝယ် လုပ်ဖြစ်နေတာများတယ်။ မန္တလေးဝိုင်းကသူတွေလည်း ဖားကန့်ဘက်ကို
တော်တော်လေး ရောက်နေကြတယ်။ အခုတော့ မိုးတွင်းဆိုတော့ မန္တလေးကျောက်ဝိုင်းကို
ပြန်လာကြတာပါ။ မန္တလေးဝိုင်းမှာ အလုပ်လုပ်ရတာတော့ စားဖို့ သောက်ဖို့တော့ အဆင်ပြေတယ်''ဟု
၄င်းက ပြောသည်။
မဟာအောင်မြေကျောက်ဝိုင်းတွင် ယခုရက်ပိုင်းအတွင်း တရုတ်ကုန်သည်များ ဝင်ရောက်မှု
ရှိသော်လည်း အရောင်းအဝယ်ပြုလုပ်ရာတွင် လက်တွေ့ကျကျ အရောင်းအဝယ်မပြုလုပ်ဘဲ
လာရောက်ပြသသည့် ကျောက်စိမ်းအထည်များ၊ လက်ကောက်များ၊ လွှာချပ်များကို ဓာတ်ပုံရိုက်ယူပြီး
၄င်း တိုု့၏ ကုန်သည်များကို ပြသပြီးမှ အရောင်းအဝယ် ပြုလုပ်သူများပြားနေကြောင်း ကိုစိုးညွန့်က
ပြောသည်။
''အခု လာရောက်ဝယ်ယူသူတွေက ကုန်သည်အစစ်တွေမဟုတ်ဘဲ တစ်ဆင့် ပွဲစားပုံစံတွေ ဖြစ်နေ
တယ်။ လာပြတဲ့ပစ္စည်းတွေကို ဓာတ်ပုံရိုက်ပြီး တစ်ဖက်ကိုပို့တယ်။ တစ်ဖက်က ကြိုက်မှ ဝယ်ယူတဲ့
ပုံစံတွေ ဖြစ်နေတယ်။ အဲဒီပုံစံတွေကကြာရင် ပြဿနာဖြစ်နိုင်ပါတယ်''ဟု ၄င်းက ပြောသည်။
လက်ရှိ မဟာအောင်မြေကျောက်ဝိုင်း၌ ကျောက်စိမ်းအရောင်းအဝယ်ပြုလုပ်ရာတွင်
ကျပ် ၁ဝ သိန်းအောက် ကျောက်များ အရောင်းအဝယ် ပုံမှန်ဖြစ်သော်လည်း ယခင်နှစ်များကကဲ့သို့
အရောင်းအဝယ်မသွက်ကြောင်း အပွင့်လိုင်းမှ ကိုစိုင်းဇေထွန်းက ပြောသည်။
















