ရာထူးတိုး မမျှတခြင်းများကြောင့် မန္တလေးနည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ ဖဲကြိုးပြာလှုပ်ရှားမှု ပြုလုပ်

ရာထူးတိုး မမျှတခြင်းများကြောင့် မန္တလေးနည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ ဖဲကြိုးပြာလှုပ်ရှားမှု ပြုလုပ်

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်များတွင် ပညာသင်ကြားပေးနေသည့်
ဆရာများရာထူးတိုးရာတွင် မျှတမှုမရှိသည့်အတွက် ခိုင်မာသည့် ရာထူးတိုးမူဝါဒဖြင့် ဆောင်ရွက်ပေး
ရန်ရည်ရွယ်ပြီး မန္တလေးနည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများက ဖဲကြိုးပြာလှုပ်ရှားမှု
ပြုလုပ် တောင်းဆိုခဲ့သည်။

မန္တလေးတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ဆေးနှီးနွှယ်
တက္ကသိုလ်များရှိ ဆရာများက ဖဲကြိုးပြာလှုပ်ရှားမှုဖြင့် ဇူလိုင် ၃၁ ရက်တွင် စတင်ပြုလုပ်နေခြင်းဖြစ်ပြီး
တစ်ပတ်အချိန်ပေး၍ စောင့်ကြည့်သွားမည်ဖြစ်ပြီး ထူးခြားမှု မရှိပါက ယခုထက် အရှိန်တိုးမြှင့်
တောင်းဆိုမည်ဖြစ်ကြောင်း လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် နည်းပညာတက္ကသိုလ် မန္တလေးဆရာများ
သမဂ္ဂဥက္ကဋ္ဌ ဦးကျော်ကျော်က ဇူလှိုင် ၃၁ ရက်တွင်ပြောသည်။

''နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်က ဆရာ၊ ဆရာမတွေက ဖဲကြိုးပြာလှုပ်ရှားမှုကို
မန္တလေးမှာ စတင် လှုပ်ရှားတာပေါ့။ အဓိကကတော့ ဒီတက္ကသိုလ်က ဆရာတွေ ရာထူးတိုး
မမျှတတာတွေကြောင့် အခုလိုလှုပ်ရှားမှုတွေ ဖြစ်လာတာပါ။ ကျွန်တော် တိုးခြင်း၊ မတိုးခြင်းက
ဘာမှမဖြစ်ဘူး။ ဒါပေမဲ့နောက်က ကလေးတွေက အခုလို ရာထူးတိုးမမျှတတာတွေကြောင့်
အများကြီး နစ်နာရတယ်။ ရာထူးတိုးမူဝါဒက ပြောင်းချင်သလိုပြောင်းနေတော့ တချို့ဆို နှစ်တွေသာ
ကြာလာတယ်၊ ဘာမှ ဖြစ်မလာသေးဘူးပေါ့။ ဒါကြောင့် လူကြီးတွေသိအောင် လှုပ်ရှားမှု
လုပ်တယ််''ဟုဦးကျော်ကျော််က ပြောသည်။

ပညာရေးဝန်ကြီးဌာန လက်အောက်တွင်အတူတူရှိပြီး ဦးစီးဌာနသာ ကွဲပြားသော်လည်း
အခြားဦးစီးဌာနများတွင် ရာထူးတိုးများ ရှိနေသော်လည်း နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ
တက္ကသိုလ်များတွင် ရာထူးတိုးခြင်းများ မရှိသေးကြောင်း၊ လုပ်သက်နှင့် ရာထူးဘွဲ့လက်မှတ်
တူသော်လည်း ဦးစီးဌာန ကွဲပြား၍ ရာထူးတိုးမြှင့်ခြင်း၊ ကွဲပြားနေခြင်းဖြစ်သောကြောင့်
ခိုင်မာသည့် မူဝါဒဖြင့် ရာထူးတိုးမြှင့်ခြင်းများကို ဆောင်ရွက်ပေးစေလိုကြောင်း ယင်း
ဖဲကြိုးပြာလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဆရာများက ပြောသည်။

''ကျွန်မဆို ခုနစ်လောက်ရှိပြီ။ ဘာမှဖြစ်မလာသေးဘူးပေါ့။ သုံးနှစ်နေရင် တိုးမယ်ဆိုပြောတယ်။
မူဝါဒပြောင်းသွားတော့ နောက်ငါးနှစ်ဖြစ်သွားပြန်ရော ဒီလိုနဲ့ နှစ်သာကြာလာတယ်။ ဘာမှ
ဖြစ်မလာဘူးပေါ့။ တိုးသွားတဲ့ အခြားဦးစီးဌာနတွေကိုတော့ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့
မျှမျှတတလေးဖြစ်အောင်တော့ သက်ဆိုင်ရာ လူကြီးတွေက ဆောင်ရွက်ပေးစေချင်ပါတယ်''
ဟုမန္တလေးနည်းပညာတက္ကသိုလ်မှ သရုပ်ပြဆရာမ ဒေါ်ယဉ်ဝေလွင်က ပြောသည်။

ဖဲကြိုးပြာလှုပ်ရှားမှုအဖြစ် ဆရာ၊ ဆရာမများက စာသင်ချိန်များနှင့် ကျောင်းတက်ချိန်များတွင်
ဖဲကြိုးအပြာရောင်များကို ရင်ဘတ်တွင် ချိတ်ဆွဲထားမည်ဖြစ်ပြီး ယင်းလှုပ်ရှားမှုကို အခြားန
ည်းပညာကျောင်းများတွင်လည်း ပြုလုပ်ရန်ရှိကြောင်း ဆရာ၊ ဆရာမများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး