တောင်ပြုန်းပွဲတော်ကြီးကို အမှီပြုပြီး ဖြစ်ပေါ်လာသော မြန်မာ့ရိုးရာ အိုးပုတ်စျေးရောင်းပွဲတော်ကို
မန္တလေးမြို့မြောက်ပြင်၊ အိုးဘိုရပ်တွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင်လည်း စည်ကားစွာ
ကျင်းပခဲ့သည်။
အဆိုပါပွဲတော်ကို ဦးဆောင်စီစဉ် ကျင်းပသူ မရှိသော်လည်း အိုးပုတ်ကစားစရာများ ပြုလုပ်ရောင်းချသည့်
ဒေသများဖြစ်သည့် ရွှေဘို၊ နွယ်ငြိမ်းနှင့် အခြားသော ဒေသအစုံတို့မှ လာရောက်ကာ
ရောင်းချကြခြင်းဖြစ်သည်။
''ဒီနှစ်က H1N1 တုပ်ကွေးရောဂါ အခြေအနေကြောင့် တောင်ပြုန်းပွဲတော်ကြီးကတော့ ပိတ်သိမ်းခဲ့လိုက်ရ
တယ်။ အခု အိုးပုတ်ပွဲလေးမှာပဲ ဟိုမှာ မထွက်ရတော့တဲ့ ပျံကျစျေးသည်လေးတွေ လာရောက်
ရောင်းချတာတွေ့ရတယ်။ အိုးဘုတ်ပွဲလေးက တစ်နှစ်မှတစ်ရက်တည်း ရောင်းရတဲ့ ပွဲလေး
ဖြစ်တာကြောင့် နှစ်စဉ်တိုင်းလိုလိုပဲ အလွန်စည်ကားခဲ့တယ်'' ဟု အိုးပုတ်ရောင်းချနေသည့်
ဒေါ်အေးအေးက ပြောသည်။
H1N1 တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းများ ဝေငှခြင်းကို
ကျန်းမာရေးဌာနအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများက လာရောက်ဝေငှခြင်းနည်းတူ
အသိပညာပေး လက်ကမ်းစာရွက်များကိုလည်း ဝေငှပညာပေးခြင်းများကို လုပ်ဆောင်နေကြသည်
ကိုလည်း တွေ့ရသည်။
ပွဲတော်တွင် မီးဖိုချောင်သုံး အိုးခွက်များအတိုင်း ပုံစံတူများ၊ မြေအိုး ၊ စဉ့်အိုး၊ စုဘူး၊ ပစ်တိုင်းထောင်
အရုပ်များ၊ အသီးအနှံမျိုးစုံ ပုံတူများ၊ တိရစ္ဆာန်ပုံစံတူ အိုးပုတ်လေးများကို ဆေးရောင်စုံဆိုးကာ
ရောင်းချကြခြင်းနည်းတူ မတ္တရာဒေသထွက်တစ်ခုဖြစ်သည့် မုန့်ခေါပြင်မုန့်နှင့် အခြား
အစားအသောက်များလည်း လာရောက် ရောင်းချကြပြီး ကျောက်ခက်ပန်းများကို ပန်းခွေသဖွယ်
ပြုလုပ်၍ ဝတ်ဆင်ခဲ့ကြသည်မှာလည်း ဓလေ့တစ်ခုသဖွယ် ဖြစ်နေသည်။
''တစ်နှစ်ထက် တစ်နှစ် အိုးပုတ်ပွဲကို လာရောက်တဲ့သူက များများလာတယ်။ စျေးဆိုင်ခန်းတွေကို
စနစ်တကျလုပ်ပေးမယ်။ ယာဉ်ရပ်နားဖို့ လုပ်ပေးမယ်။ လာရောက်ရောင်းချမယ့် စျေးသည်တွေကို
ကျန်းမာရေးဆိုင်ရာ အသိပညာပေးတာတွေ လုပ်မယ်။စနစ်တကျ စီမံခန့်ခွဲမယ်ဆိုရင်
နောင်တစ်ချိန်မှာ ဒီပွဲလေးက နိုင်ငံခြားသားတွေပါ စိတ်ဝင်စားလာပြီး ကမ္ဘာကျော်မယ့်
ပွဲတော်လေး တစ်ခုဖြစ်လာမှာပါ'' ဟု အိုးပုတ်ပွဲတော်အကြောင်း ဆောင်းပါးများ ရေးသားနေသည့်
စာရေးဆရာမ ယဉ်ယဉ်နှောင်းက မှတ်ချက်ပြုပြောကြားသည်။
















