မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ယင်းတိုင်းတောင်ဆည်အနီးရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်းသို့
ယခုနှစ်ကုန်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည် ၁,ဝဝဝ ခန့် လာရောက်နိုင်ကြောင်း အဆိုပါ
ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ခဲ့သည့် Actionaid Myanmar မှ အပူပိုင်းဇုန်စီမံကိန်းမန်နေဂျာ
ဦးအောင်မင်းနိုင်က ပြောသည်။
''၂ဝ၁၆ တုန်းက ဧည့်သည် ၈၃ဝ ဦးလာရောက်ခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်၊ ဇူလိုင်အထိ ၃၆၆ ဦး
ရှိပါတယ်။ ဒီနှစ်ကုန်ရင် ၁,ဝဝဝကျော်မယ်လို့ ယူဆပါတယ်'' ဟု ၄င်းက ပြောသည်။
လူမှုရေး အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည့် Actionaid Myanmarသည် မြိုင်မြို့နယ်၊ အင်းရောင်း
ကျေးရွာ အုပ်စုရှိ ကံကြီးတောအရှေ့၊ ကံကြီးတောအနောက်၊ အင်းရောင်း၊စူလီပန်စသည့်
ကျေးရွာလေးရွာတွင် ၂ဝ၁၂ခုနှစ်မှ စတင်ခါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး
၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီတွင် ယင်းတိုင်းတောင်ဆည်ကို အမှီပြုကာဟိုတယ်နှင့် ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာန၊ Actionaid Myanmar နှင့် ကျေးရွာလေးရွာ ပေါင်းကာ လူထုအခြေပြု
ခရီးသွားလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
''လှည့်လည် ကြည့်ရှုစရာတွေကတော့ ရွာတွေပဲရှိတယ်။ ပြကွက်အနေနဲ့ ပုဂံဘုရားတွေလို ပြစရာ
နေရာမရှိဘူး။ အင်မတန်လှပတဲ့ တောတောင်ရေမြေတွေလည်း မရှိဘူး။အဓိကပြကွက်ကတော့
လူတွေဖြစ်တယ်။ ဒေသခံလူတွေရဲ့ အပြံုး၊ ဒေသခံတွေရဲ့ကြိုးစားအားထုတ်နေမှု၊ ကျေးလက်နေ
ပြည်သူများသည် ခေသူများမဟုတ်ဆိုတာကို ပြတာ''ဟု ဦးအောင်မင်းနိုင်က ပြောသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် သက်မဲ့အရာ
များနှင့်သာ အများဆုံး ထိတွေ့နေရပြီး သက်ရှိအနေဖြင့် ဧည့်လမ်းညွှန်များ၊ ခရီးသွားကုမ္ပဏီ
ဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများမှအပ ကျေးလက်နေပြည်သူများနှင့် ထိတွေ့မှု အခွင့်အလမ်း
နည်းပါးကြောင်း၊ ယင်းတိုင်းတောင်ဆည် လူထုအခြေပြု ခရီးသွားလုပ်ငန်းသည် ကျေးလက်နေ
ပြည်သူများနှင့် ထိတွေ့ခွင့်ပေးထားကြောင်း ၄င်းက ပြောသည်။
ခရီးစဉ်သည် တစ်ညအိပ်၊ နှစ်ရက်ခရီးစဉ်ဖြစ်ပြီး ပထမနေ့တွင် လာရောက်လည်ပတ်သော
ဧည့်သည်များကို ဒေသခံများက အိုးစည်၊ဒိုးပတ်အကများဖြင့် ကြိုဆိုခြင်း၊ နှစ်ရက်အတွင်း
ကျေးရွာလေးရွာသို့ စက်ဘီးများဖြင့်သွားရောက်လည်ပတ်ကာ ဒေသခံများ၏လူနေမှုဘဝကို
လေ့လာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ ညအချိန်တွင် ဒေသခံများ၏ ဆိုင်းဝိုင်းအကများဖြင့်
ဧည့်ခံခြင်းတို့ ပါဝင်သည်။
ယင်းတိုင်းတောင်ဆည် လူမှုအခြေပြုခရီးသွားလုပ်ငန်းသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ
လာရောက်ရန် Journey Adventure Travel က စီစဉ်ပေးပြီး ဧည့်သည်တစ်ဦးလျှင်
အမေရိကန်ဒေါ်လာ ၅ဝ ကုန်ကျ ကြောင်း၊ Actionaid Myanmar က ၁၄ ဒေါ်လာသာ
ရယူပြီး ကျေးရွာများက ၃၆ ဒေါ်လာ ရရှိသည်။
အများဆုံး လာရောက်လည်ပတ်သော ဧည့်သည်များမှာ အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇာလန်၊
ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့မှဖြစ်ပြီး နယူးဇီလန်၊ ဂျာမနီနှင့် အီတလီနိုင်ငံတို့မှလည်း
လာရောက်လည်ပတ်ကြောင်း၊ နိုင်ငံခြားသား ခရီးသွားဧည့်သည် အရေအတွက်ကို တစ်နှစ်လျှင်
၂,ဝဝဝ ခန့်အထိလက်ခံနိုင်ကြောင်း ဦးအောင်မင်းနိုင်က ပြောသည်။
''ကျေးရွာတွေရဲ့ စွမ်းရည်ကို တိုင်းလိုက်တဲ့အခါ ဧည့်သည်ဦးရေ နှစ်ဆတိုးရင် လက်ခံနိုင်မလား၊
သုံးဆတိုးရင် လက်ခံနိုင်မလားကြည့်လိုက်တဲ့အခါ နှစ်ဆတိုးတဲ့အထိ လက်ခံနိုင်ပါတယ်။ ဧည့်သည်ဦးရေ
၂,ဝဝဝ ကျော်လောက်အထိ အဆင်ပြေပြေ လက်ခံနိုင်ပါတယ်။ သုံးလေး၊ ငါးထောင်ဆိုရင်
၀န်ဆောင်မှုတွေ၊ ကျွမ်းကျင်မှုတွေ လိုအပ်လာမှာဖြစ်တဲ့အတွက် သိပ်ပြီး အာမခံနိုင်ပါဘူး''ဟု
၄င်းက ပြောသည်။
လူထုအခြေပြု ခရီးသွားလုပ်ငန်းကြောင့် ရွာသားများ၏ ရည်မှန်းချက်များ မြင့်မားလာကြောင်းနှင့်
ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုကြောင်း ကံကြီးတောကျေးရွာမှ မနန်းခင်မွှေးက ပြောသည်။
''နိုင်ငံခြားသားတွေမြင်ပြီး ရွာကကလေးတွေက အင်္ဂလိပ်စာ သင်ချင်လာကြတယ်။ ပိုပြီးတော့
ပညာတတ်ချင် လာကြတယ်။ ဒါပေမဲ့ ဝတ်စားဆင်ယင်မှုပိုင်းမှာ ကလေးတွေအတုခိုးမမှားအောင်
တော့ သင်ပေးရတာပေါ့။ မနှစ်တုန်းက ဒီခရီးသွားလုပ်ငန်းကနေရလာတဲ့ အကျိုးအမြတ်နဲ့ ရွာမှာ
လျှပ်စစ်မီးရရှိရေးအတွက် လုပ်နေပါပြီ''ဟု ၄င်းက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသည် ယခုဘဏ္ဍာနှစ်မှ စတင်ခါမြန်မာ့ခရီးသွား
လုပ်ငန်း မြှင့်တင်ရန်အတွက် လူထုအခြေပြု ခရီးသွားလုပ်ငန်း၊ အဏ္ဏဝါခရီးသွားလုပ်ငန်းနှင့် ဂေဟ
အခြေပြု ခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော်ရန် မူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊
လူထုအခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်း၁၄ ခုရှိကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ
သိရသည်။
















