မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လမ်းများပေါ်သို့ ဝင်ရောက်
မောင်းနှင် ဖြတ်သန်းလျက်ရှိသော သဲလုပ်ငန်းပို့ဆောင်နေသော သဲကားမော်တော်ယာဉ်
များ သီးခြားလိုက်နာရမည့် စည်းကမ်းချက်များကို စည်ပင်သာယာရေးကော်မတီမှ ယခုလ
၆ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။
ကြေညာချက်တွင် သဲကားမော်တော်ယာဉ်များသည် မြို့တွင်းသို့ ဖြတ်သန်းမောင်းနှင်ခွင့်
လိုင်စင် ၂ဝ၁၇–၁၈ ဘဏ္ဍာနှစ်အတွက် လျှောက်ထားရယူထားရန်၊ သတ်မှတ်ထားသော
မြို့တွင်းလမ်းကြောင်းများမှသာ ဖြတ်သန်းပို့ဆောင်ရန်၊ မှတ်ချက် (အဓိက မိန်းလမ်းများ
ဖြစ်သည့် ၃၅ လမ်း နှင့် ၂၆ လမ်းတို့တွင်မောင်းနှင်ခွင့်မပြု)၊ မြို့တွင်းခုံးကျော်တံတားများ
ဖြစ်သည့် ၃၅ လမ်း ခုံးကျော်တံတား၊ ၄၂ လမ်း ခုံးကျော်တံတားနှင့် ဦးပွားခုံးကျော်တံတား
တို့ပေါ်တွင် မောင်းနှင်ခြင်းမပြုရ၊ သဲကားမော်တော်ယာဉ်များသည် သဲဆိပ်ကမ်းမှ
ထွက်ခွာပို့ဆောင်ခြင်းမပြုမီ ရေစစ်ခြင်းကို ပြီးစီးအောင် စောင့်ဆိုင်းရေစစ်ပြီးမှထွက်ခွာရန်၊
ဖြတ်သန်းသွားလာရာ လမ်းတစ်လျှောက် သဲများ လွင့်စင်ကျဆင်းခြင်းမဖြစ်ပေါ်စေရန်
အဖုံးအကာ၊ အမိုးအကာကောင်းကောင်းကို လုံခြံုစွာ ပြင်ဆင်ကာရံ၍ပို့ဆောင်ကြရန်၊
မော်တော်ယာဉ်အောက်ကြမ်းခင်း၊ ဘေးကာ၊ နံရံဘောင်များကိုလုံခြံုစွာထားရှိရန်တို့
ဖြစ်သည်။
''ဟိုအရင်နှစ်တွေတုန်းကတော့ ကာယလုပ်သားတွေနဲ့ သဲတွေကို တင်ကြတယ်။
တင်ရင်းတင်ရင်းနဲ့ သဲက သိပ်ပြီး ရေခြောက်သွားတော့ ဖြတ်သန်းသွားလာတဲ့အခါ
အများပြည်သူကို အနှောင့်အယှက်မဖြစ်ဘူး။ အခုက စက်ယန္တရားတွေနဲ့ လုပ်တော့
အလုပ်မြန်တယ်။ သဲက မခြောက်တော့ရေတွေ လမ်းပေါ်ကျ လမ်းတွေ ပျက်စီးတယ်။
အများပြည်သူသွားလာရေးမှာ အနှောင့်အယှက်ဖြစ်စေလို့ အခုလို သီးခြား စည်းကမ်း
သတ်မှတ်ချက်တွေကို ထုတ်ပြန်ရတာပါ''ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး
ကော်မတီ၊ အခွန်ဌာန၊ ဌာနခွဲမှူးဦးသက်နိုင်က မြန်မာတိုင်း(မ်) ကို ယခုလ ရ ရက်က
ပြောသည်။
မန္တလေးမြို့တွင်း ဖြတ်သန်းသွားလာနေသည့် သဲကားမော်တော်ယာဉ်များ သတ်မှတ်ထား
သည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အများပြည်သူအနှောင့်အယှက်ဖြစ်စေ
သည့်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံသို့ တိုင်ကြားနိုင်ပြီး
စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
၄င်းက ဆိုသည်။
ထိုနည်းတူ မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖြတ်သန်းသွားလာ
မောင်းနှင် လမ်းအသုံးပြုနေသည့် လောင်စာဆီသယ်မော်တော်ယာဉ်နှင့် အုတ်၊ ထုံး၊ သဲ၊
ကျောက်တင် မော်တော်ယာဉ်များလည်း သီးခြား အခွန်ပေးဆောင်ရမည်ဖြစ်သည်။
ဘဏ္ဍာနှစ် တစ်နှစ်အတွင်း လမ်းအသုံးပြုခအဖြစ် လောင်စာဆီသယ် မော်တော်ယာဉ်
ဂါလန် ၁,၆ဝဝ ဆံ့အတွက် ကျပ်တစ်သိန်း၊ ဂါလန် ၂,ဝဝဝ ဆံ့အတွက် ကျပ် ၁၂၅,ဝဝဝ၊
ဂါလန် ၂,၄ဝဝ ဆံ့အတွက် ကျပ် ၁၅ဝ,ဝဝဝ၊ ဂါလန် ၂,၈ဝဝ ဆံ့အတွက် ကျပ် ၁၇၅,ဝဝဝ၊
ဂါလန် ၃,၂ဝဝ ဆံ့အတွက် ကျပ်နှစ်သိန်းတို့ကို လစဉ်နှုန်းထား သတ်မှတ်ချက်အတိုင်း
ပေးဆောင်ရမည်ဖြစ်ပြီး ဂါလန် ၅,ဝဝဝ နှင့်အထက် သယ်ဆောင်နေသည့် မော်တော်ယာဉ်
များမှာ သွားလာမည့်လမ်းကြောင်းနှင့် လမ်းအသုံးပြုခကို လမ်းအသုံးပြုရက်အလိုက်
ပေးဆောင်ရမည်ဖြစ်သည်။
အုတ်၊ ထုံး၊ သဲ၊ ကျောက်တင် မော်တော်ယာဉ်များအတွက် ၂ဝ၁၇–၁၈ ဘဏ္ဍာနှစ်မှ
စတင်ကာ သုံးတန်နှင့်အောက် ကားများအတွက် တစ်နှစ်လျှင် ကျပ် ၁၅ဝ,ဝဝဝ နှုန်း၊
သုံးတန်နှင့် ငါးတန်ကြား ကားများအတွက် တစ်နှစ် ကျပ်နှစ်သိန်းနှင့် ငါးတန်နှင့်အထက်
ကားများအတွက် တစ်နှစ် ကျပ်သုံးသိန်းတို့ကို ပေးဆောင်ရမည်ဖြစ်သည်။
















