ကားစျေးကွက်အတွက် မူဝါဒအသစ် ထပ်မံပေါ်ထွက်လာချိန်တွင်လည်း ညာမောင်း
တစ်ပတ်ရစ်ကားများကိုသာ အားထားကာကာလရှည် ဆက်လက်အရောင်းအဝယ်လုပ်ရ
မည်ဖြစ်ကြောင်း ကားဝယ်ရောင်းတချို့က သုံးသပ်ပြောကြားသည်။
၂ဝ၁၇ ခုနှစ်အတွက် ကားတင်သွင်းခွင့်ဆိုင်ရာ မူဝါဒသစ်ကို ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလတွင်
ထုတ်ပြန်ခဲ့ပြီး၊ လာမည့် ၂ဝ၁၈ ခုနှစ်အတွက် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း
လတ်တလော လူကြိုက်များမှုနှင့် အသုံးတည့်မှု အနေအထားအရ တစ်ပတ်ရစ်
ညာမောင်းကားများသာ အရောင်းအဝယ်များဦးမည်ဖြစ်ကြောင်း မန္တလေးမြို့ ပြည်ကြီး
မျက်ရှင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ အတွင်းရေးမ·းဦးဝင်းမြင့်ဦးက ပြောသည်။
''လက်ရှိမူဝါဒအရ ဘယ်မောင်းကားသစ်တွေကို ပိုဦးစားပေးတဲ့ဘက်ကိုသွားနေပြီး
ပြည်ပက လုပ်ငန်းရှင်တွေကို ပြည်တွင်းကိုခေါ်ဖို့ ဦးစားပေးမယ်လို့ ယူဆပါတယ်။ ဒါပေမဲ့
ဘယ်မောင်းက ဒီမှာ တပ်ဆင်ထုတ်လုပ်မယ်ဆိုရင်လည်း နည်းပညာပိုင်း၊ ကျွမ်းကျင်
လုပ်သား စတဲ့လိုအပ်ချက်တွေအတွက် အချိန်ယူရဦးမယ်။ ပြီးတော့ စျေးနှုန်းပိုင်းလည်း
စဉ်းစားစရာရှိတယ်။ ဒီအချက်တွေကြောင့်လတ်တလော အသုံးတည့်နေတဲ့ ညာမောင်း
တစ်ပတ်ရစ်ကားတွေကိုပဲ အားထားအလုပ်လုပ်နေရဦးမယ်''ဟု ဦးဝင်းမြင့်ဦးက ယခုလ ၈
ရက်တွင် ပြောသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့်ပြည်ထောင်စုလွှတ်တော်တွင် အင်ဂျင်ပါဝါ
၁,၅ဝဝ စီစီအထက်ကားများကို အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၂ဝ မှ ၅ဝ အထိကောက်ခံရန်
သတ်မှတ်သည့်အပြင် ဝင်ငွေခွန်ဆောင်ရမည်ဖြစ်ခြင်း၊ ကားတင်သွင်းခွင့်ဆိုင်ရာ
မူဝါဒသစ်အရ မော်ဒယ်မြင့် ဘယ်မောင်းများသာ တင်သွင်းရမည့်အချက်များပါဝင်နေခြင်း
ကြောင့် စျေးကွက်အတွင်း ကားစျေးနှုန်းများမှာ အမြင့်ပိုင်းတွင် ရှိနေသည်။
''ကားစျေးတွေက သိပ်ကျစရာအကြောင်းမမြင်ပါဘူး။ တင်သွင်းရတဲ့ အခွန်အခက စျေးကြီး
လာတဲ့အတွက် လူကြိုက်များ၊ အသုံးများတဲ့ ကားတွေက စျေးမာဆဲပါ။ စျေးနှုန်းတန်းအရ
ဒီအတိုင်းပဲသွားမယ်။ လာမယ့်နှစ်အတွက် ကားသွင်းခွင့်ဆိုင်ရာ မူဝါဒသစ်ထပ်ထွက်လာ
ရင်တော့ ဘယ်မောင်းနဲ့ညာမောင်း အားပြိုင်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်မောင်းက
ဒီမှာ သိပ်ပြီး ရင်းနှီးမှုမရှိသေးဘူး။ ညာမောင်းပဲ စျေးကွက်ကိုဦးဆောင်မယ်''ဟု
ဦးဝင်းမြင့်ဦးက ပြောသည်။
အမှန်တွင် ကားစျေးနှုန်းများ မြင့်လာခြင်းမဟုတ်ပဲ အခွန်အခ ထပ်ပေါင်းကာ ပိုလာခြင်း
ဖြစ်ကြောင်း၊ စလစ်စျေးမှာမြင့်နေပြီး သက်တမ်းနှစ် ၂ဝ အမည်ပေါက် စလစ်တစ်စောင်လျှင်
ကျပ်သိန်း ၁၁ဝ အထက် စျေးရှိကြောင်း ပြောသည်။
မန္တလေးမြို့မှ ကားဝယ်ရောင်း ဦးသိန်းဆွေက လူကြိုက်များသော အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ
ကားများမှာ လက်ရှိတွင် ကျပ်သိန်း ၁၄ဝ မှ ၁၆ဝ အတွင်း စျေးနှုန်းရှိနေကြောင်း၊ စလစ်ကပ်
ကားများမှာ ကျပ်သိန်း ၂၅ဝ မှ ၃၅ဝ ကြားအရောင်းအဝယ်ဖြစ်ကြောင်း ပြောသည်။
''အရောင်းအဝယ်ကတော့ သင့်တင့်ရုံပါပဲ။ ကားစျေးကွက်အတွက် ရေရှည်သွားလို့ရမယ့်
မူဝါဒနဲ့ သင့်တင့်တဲ့ အခွန်နှုန်းထားမျိုးနဲ့ အလုပ်လုပ်သွားချင်တယ်။ မူဝါဒသစ်တစ်ခု၊
အပြောင်းအလဲတစ်ခု ပေါ်လာပြီဆိုရင် ငွေကြေးတတ်နိုင်တဲ့ သူတွေအတွက်က လုပ်စား
စရာလို ဖြစ်တတ်ပါသေးတယ်''ဟု ဦးသိန်းဆွေက ပြောသည်။
















