တိုင်းဒေသကြီး စီးပွားရေးမြှင့်တင်မှု မဟာဗျူဟာမူကြမ်းကို ရေးဆွဲထားပြီးဖြစ်ကာ
ထုတ်ပြန်နိုင်တော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးသန်းက သြဂုတ် ၄ ရက်တွင်
တိုင်းဒေသကြီး စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းခန်းမတွင် ကျင်းပသည့် ဝါ၊ ကြံ၊
သကြား ပြည်ပပို့ကုန်မြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားခဲ့သည်။
''မန္တလေးဒေသကြီး အစိုးရအဖွဲ့ဟာ နိုင်ငံတော်အာဏာ လွှဲပြောင်းရယူပြီးမကြာခင်မှာ
မန္တလေးတိုင်းဒေသကြီး စီးပွားရေးမြှင့်တင်မှု မဟာဗျူဟာမူကြမ်းကို ရေးဆွဲခဲ့ပါတယ်။
တိုင်းဒေသကြီး တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ
ပူးပေါင်းပြီး မူကြမ်းကို ရေးဆွဲနိုင်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မဟာဗျူဟာလုပ်ငန်းမှာ
ကောင်းမွန်သောစိုက်ပျိုးရေး အလေ့အကျင့်ကောင်းနဲ့အသေးစား၊ အလတ်စားလုပ်ငန်း
တွေ၊ ထုတ်ကုန်တွေဖြစ်ဖို့ အထူးဂရုစိုက်ဖို့ရေးဆွဲထားပါတယ်'' ဟု ဆိုခဲ့သည်။
အဆိုပါမူဝါဒကို လယ်ယာစိုက်ပျိုးရေး၊ အသေးစားအလတ်စား လုပ်ငန်းများ၊ ခရီးသွားလာ
ရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးကဏ္ဍတို့ကို ဦးတည်ရေးဆွဲထားသည်။















