လမ်းအသုံးပြုခ ကောက်ခံဂိတ်များ စည်းကမ်းမလိုက်နာပါက ထိရောက်စွာ အရေးယူသွားရန် စီစဉ်နေ

လမ်းအသုံးပြုခ ကောက်ခံဂိတ်များ စည်းကမ်းမလိုက်နာပါက ထိရောက်စွာ အရေးယူသွားရန် စီစဉ်နေ

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ လမ်းအသုံးပြုခ ကောက်ခံခွင့်
လုပ်ကိုင်နေသော ဂိတ်များကို သတ်မှတ်စည်းကမ်း မလိုက်နာပါက ထိရောက်စွာ အရေးယူသွားရန်
စီစဉ်နေကြောင်း အဆိုပါဌာနမှ ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။

အဆိုပါဂိတ်များနှင့် ပတ်သက်၍ ပြည်သူများမှ မကျေနပ်ချက်များရှိပြီး တိုင်ကြားမှုများ ရှိခဲ့သဖြင့်
ပြီးခဲ့သောမေလက သက်ဆိုင်သူများအား ခေါ်ယူအသိပေးပြီး ဖြစ်ကြောင်း၊ ယခုအခါ စည်းကမ်း
မလိုက်နာပါက မူလသတ်မှတ်ထားသည့် ဒဏ်ကြေးငွေမှ ထိရောက်သည့်ဒဏ်ကြေးငွေသို့ တိုးမြှင့်
သတ်မှတ်သွားရန်ရှိကြောင်း ဦးကျော်ဇောအောင်က ပြောသည်။

''ဒဏ်ကြေးငွေကို ကျပ်သိန်း ၂ဝ ကနေ ကျပ်သိန်း၃ဝ အထိ ချမှတ်သွားဖို့ လျာထားပါတယ်။
လတ်တလောမှာ တခြားဦးစားပေးလုပ်ဆောင်နေရတဲ့ ကိစ္စတွေ ရှိနေတာကြောင့် ဒါကို မစီစဉ်ဖြစ်
သေးတာပါ။ အမြန်ဆုံး လုပ်ဆောင်ပေးသွားမယ်။ လမ်းအသုံးပြုခ ကောက်ခံဂိတ်တွေ လိုက်နာရမယ့်
စည်းကမ်းတွေကို သတ်မှတ်ပေးပြီးသားပါ''ဟု ဦးကျော်ဇောအောင်က ယခုလ ၈ ရက်တွင် ပြောသည်။

လမ်းအသုံးပြုခ ကောက်ခံဂိတ်များအဖြစ် ထုံးဘိုဂိတ်၊အောင်ပင်လယ်ဂိတ်၊ ရွှေကြက်ယက်ဂိတ်၊
ရွှေကြင်ဂိတ်များရှိကြောင်း၊ ကောက်ခံရာတွင် သတ်မှတ်နှုန်းထားများထက် ပိုမိုမကောက်ခံရန်၊
မန္တလေးဘီးခွန် ပေးဆောင်ထားသောအိမ်စီးကားယာဉ်ငယ်များအား လမ်းအသုံးပြုခ ကောက်ခံခြင်း
မပြုရန်၊ ပြေစာပုံစံဖြင့် ကောက်ခံရန်၊ အခွန်ထမ်းပြည်သူများနှင့် ပြဿနာတစ်စုံတစ်ရာမဖြစ်ရန်၊
ဘဏ္ဍာနှစ်တစ်နှစ်စာ ဘီးခွန်ပေးဆောင်ပြီးသော ယာဉ်အား မြို့ဝင်ဘီးခွန် ကောက်ခံခြင်းမပြုရန်
သတ်မှတ်ချက်များကို ပြီးခဲ့သောမေလက လုပ်ငန်းရှင်များအား ထပ်မံအသိပေးထားကြောင်း
ပြောသည်။

လေလံပစ်စဉ်က လမ်းအသုံးပြုခ ကောက်ခံခွင့်အတွက် စားပွဲတင်စပေါ်ငွေကို ကျပ်သိန်း၃၅,ဝဝဝ တိတိ
သတ်မှတ်ခဲ့ကာ သတ်မှတ်စည်းကမ်းများကို မလိုက်နာပါက ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယ
အကြိမ်တွင် ဒဏ်ငွေ ကျပ်ငါးသိန်း တပ်ရိုက်ကာ တတိယအကြိမ်တွင် လုပ်ငန်းလုပ်ကိုင်ခွင့်
ရုပ်သိမ်းမည်ဟုသတ်မှတ်ထားသည်။

''ကောက်ခံဂိတ်တွေကို ကျွန်တော်တို့လည်း နှစ်ပတ်တစ်ကြိမ် ရှောင်တခင်စစ်ဆေးတာတွေ
လုပ်နေပါတယ်။ ဝန်ထမ်းတွေ သတ်မှတ်ဝတ်စုံဝတ်ဖို့၊ ပြည်သူတွေကို ယဉ်ယဉ်ကျေးကျေး ပြောဆို
ဆက်ဆံဖို့လည်း ပြောထားပါတယ်''ဟု ဦးကျော်ဇောအောင်က ပြောသည်။

လမ်းအသုံးပြုခ ကောက်ခံကြေးများအဖြစ် ယာဉ်နှင့်ကုန်အလေးချိန်တန် ၂ဝ အထိတင်ဆောင်လာသော
ကားများကို တစ်တန်လျှင် ကျပ် ၁၅ဝ၊ ယာဉ်နှင့် ကုန်အလေးချိန်တန် ၂ဝ အထက် တင်ဆောင်လာသော
ယာဉ်များအား ပိုမိုတင်ဆောင်လာသည့် တစ်တန်လျှင် ကျပ် ၃ဝဝ နှုန်း (တန် ၂ဝ အား မူလသတ်မှတ်နှုန်း
ကျပ် ၁၅ဝ နှုန်းဖြင့် ကောက်ခံရန်) သတ်မှတ်ထားသည်။

''မြို့ဝင်ဘီးခွန်ဆောင်ထားတဲ့ ကတ်ပြားတွေ့ရင်တော့မြို့ဝင်ဘီးခွန် မကောက်ကြတော့ဘူး။
လမ်းအသုံးပြုခလွတ်တဲ့ဂိတ်တွေလည်း ရှိပါတယ်။ ကျွန်တော်က ဘီးခွန် ဆောင်ထားတဲ့ ကတ်ပြားကို
ကားမှန်ရှေ့မှာ မြင်သာအောင်ထားထားတာကြောင့်လို့ ထင်တယ်။ တချို့လည်း ဘီးခွန်ဆောင်ထားပေမဲ့
အကောက်ခံရတာတွေ ရှိတယ်လို့ကြားတယ်။ ဘီးခွန်ကတ်ပြားကို ကားမှန်ရှေ့ မထားတာကြောင့်
လည်း ဖြစ်နိုင်တယ်။ ကျွန်တော်တော့ အဆင်မပြေတာမျိုး မကြံုဖူးသေးပါဘူး'' ဟု မန္တလေး မြို့ခံ
ကိုဝေဖြိုးသူက ယခုလ ၈ ရက်တွင် ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး