ဆိုးဆေးကင်းစင်သော မျှစ်ရောင်းချနိုင်ရေး လုပ်ငန်းရှင်များ ဝန်ခံကတိရေးထိုး

ဆိုးဆေးကင်းစင်သော မျှစ်ရောင်းချနိုင်ရေး လုပ်ငန်းရှင်များ ဝန်ခံကတိရေးထိုး

 

အများပြည်သူ စားသုံးသည့်မျှစ်များတွင် ဓာတုဆိုးဆေးကင်းစေရန် မန္တလေးမြို့ရှိ
မျှစ်လုပ်ငန်းရှင်များကို တာဝန်ရှိသူများက ယခုလ ၃ ရက်က ခေါ်ယူတွေ့ဆုံ ညှိနှိုင်းခဲ့ကြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ စျေးဌာနတာဝန်ရှိသူများ၊ အစားအသောက်
ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေးဌာနခွဲ) တာဝန်ရှိသူများနှင့် မျှစ်လုပ်ငန်းရှင် ၂၇ ဦးတို့
တွေ့ဆုံကာ မျှစ်များတွင် စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ ထည့်သွင်းထုတ်လုပ်ခြင်း
မပြုလုပ်ရန် ညှိနှိုင်းသဘောတူညီခဲ့ကြပြီး လက်ကားဖြန့်ချိနေသည့် အခြားမြို့များရှိ ကုန်စည်ဒိုင်ကြီး
များကိုပါချိတ်ဆက်ကာ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် (စာရေးဆရာ ကျော်ရင်မြင့်) က
ဆိုသည်။

''မျှစ်ထဲမှာ ခွင့်မပြု ဓာတုဆိုးဆေး ထည့်သွင်းရောင်းချခြင်း မပြုလုပ်ဖို့အတွက် လုပ်ငန်းရှင်တွေ
အားလုံးကသဘောတူညီခဲ့ကြတယ်။ ထည့်သွင်းခဲ့မယ်ဆိုရင်လည်း အမျိုးသား အစားအသောက်
ဥပဒေပုဒ်မ ၂၈ (က) နဲ့အရေးယူခံရမယ်ဆိုတာလည်း သိထားကြတယ်။ သူတို့ကိုယ်တိုင်ကလည်း
လိုလိုချင်ချင်နဲ့ လက်ခံသဘောတူညီခဲ့တာပါ။ ပင်ရင်းဒိုင်တွေကိုလည်း လှမ်းပြောမယ်လို့
ဆုံးဖြတ်ခဲ့ကြတယ်။ ရှေ့ဆက် အစီအစဉ်လေးတစ်ခုလုပ်သွားဖို့ရှိတယ်။ မျှစ်ရောင်းတဲ့ဆိုင်တွေမှာ
စစ်ဆေးလို့ဓာတုဆိုးဆေး မတွေ့ဘူးဆိုရင် ဓာတုဆိုးဆေးကင်းစင်ကြောင်း ထောက်ခံချက်ပါ
အသိအမှတ်ပြု ဆိုင်းဘုတ်လေးတွေကို ဆိုင်မှာ ချိတ်ဆွဲပေးသွားမယ်။ ဓာတုဆိုးဆေးတွေ့ခဲ့ရင်လည်း
ဒီဆိုင်မှာ ဓာတုဆိုးဆေးပါတဲ့ ပစ္စည်းတွေရောင်းတယ်လို့ ရေးသွားမှာ ဖြစ်သလို အရေးယူမှုတွေလည်း
လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးကျော်ဆန်းမြင့်က မြန်မာတိုင်း(မ်)ကို ယခုလ ၄ ရက်က ပြောသည်။

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်စီမံချက်များ လုပ်ဆောင်ရာတွင်
ဓာတုဆိုးဆေးပါရှိသောအစားအစာများကို ကြိမ်ဖန်များစွာရောင်းချခဲ့သည့် ဆိုင်နှစ်ဆိုင်ကိုလည်း
ယာယီပိတ်သိမ်းပြီး အရေးယူခြင်းများကိုလုပ်ဆောင်နေပြီး အခြားဆိုင်များအနေဖြင့်
ခွင့်မပြုဓာတုဆိုးဆေးပါ အစားအစာများ ရောင်းချခြင်းကို ဆက်လက်တွေ့ရှိပါက ဆိုင်ပိတ်သိမ်း
သည်အထိ အရေးယူခြင်းများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

''မျှစ်လုပ်ငန်းရှင်တွေနဲ့ တွေ့တဲ့အခါ ဓာတုဆိုးဆေးရဲ့ ဆိုးကျိုးတွေ ဓာတုဆိုးဆေးမပါတဲ့
အစားအသောက်ရဲ့ ကောင်းကျိုးတွေကို ရှင်းလင်းပြောပြတယ်။ လုပ်ငန်းရှင်များကလည်း
လက်ခံကြတယ်။ ပဲပြားတွေကို တာရှည်ခံဖို့ လုပ်ငန်းတွေ စီမံပေးထားသလို မျှစ်လုပ်ငန်းရှင်တွေ
အတွက်ကိုလည်း တာရှည်ခံဖို့ နည်းပညာပံ့ပိုးမှုတွေလုပ်ဆောင်ပေးသွားမှာပါ''ဟု
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး
ဒေါက်တာကျော်ကျော်က ယခုလ ၄ ရက်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး