ကိုဆွေဝင်းအား တရားစွဲဆိုသူကိုကျော်မျိုးရွှေကို ပုဒ်မ ၅ဝ၅(ခ)ဖြင့် ဖမ်းဆီး

ကိုဆွေဝင်းအား တရားစွဲဆိုသူကိုကျော်မျိုးရွှေကို ပုဒ်မ ၅ဝ၅(ခ)ဖြင့် ဖမ်းဆီး

Myanmar Now သတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ကိုဆွေဝင်းအား ဆက်သွယ်ရေးဥပဒေ
ပုဒ်မ၆၆(ဃ)ဖြင့် တရားစွဲဆိုခဲ့သော ကိုကျော်မျိုးရွှေကို သြဂုတ် ရ ရက်က မန္တလေးမြို့
မဟာအောင်မြေမြို့နယ် တရားရုံး၌ တရားခွင်အပြီး ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ (ခ) ဖြင့် ဖမ်းဆီးလိုက်
သည်။

သြဂုတ် ၄ ရက်က ချမ်းမြသာစည်မြို့နယ်၊သာသနာ ၂၅ဝဝ ဗိမာန်ရှေ့ရှိ အစိုးရဆန့်ကျင်ရေး
သပိတ်စခန်းကို ဦးဆောင်သော သံဃာ ရှစ်ပါးနှင့် လူပုဂ္ဂိုလ် ငါးဦးကို အရေးယူပေးရန်
တိုင်းသာသနာရေး ဦးစီးဌာနက မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးက
ဖမ်းဝရမ်း ထုတ်ပေးခဲ့သည်။

သြဂုတ် ၅ ရက်၊ နံနက် ၂ နာရီအချိန်တွင်ရဲတပ်ဖွဲ့က သပိတ်စခန်းကို ရှင်းလင်းခဲ့ရာကိုကျော်မျိုးရွှေ
သည် ဖမ်းဝရမ်းထုတ်ခံထားရပြီး လွတ်မြောက်နေသူတစ်ဦး ဖြစ်သည်။

''ကိုကျော်မျိုးရွှေဟာ ကိုဆွေဝင်းအမှုမှာတရားလိုဖြစ်တာ မှန်ပါတယ်။ သို့သော်လည်းပဲ
အဲဒီတရားလိုသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေပြီးတော့ အပူတပြင်း လိုအပ်နေတဲ့ နိုင်ငံတော်
အကြည်ညိုပျက်စေတဲ့ ပုဒ်မ ၅ဝ၅ (ခ)အရ တရားစွဲဆိုခံထားရသူဖြစ်တယ်။ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို
မခံဘဲနဲ့ ထွက်ပြေးနေတဲ့တရားခံတစ်ဦးဖြစ်တဲ့အတွက် သူ့ကို တရားခွင်ပေါ်မှာ တရားလိုအဖြစ်နဲ့
ရောက်ရှိလာမယ်ဆိုရင် ဒါဟာ ဥပဒေနဲ့ ညီညွှတ်သလားဆိုတဲ့မေးခွန်းပေါ်ပါတယ်'' ဟု
ကိုဆွေဝင်း၏ ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က ဆိုသည်။

''နောက်တစ်ခုက တရားရုံးပေါ်မှာ တရားလို ဖြစ်လာနိုင်တဲ့ ကိုကျော်မျိုးရွှေကို သပိတ်စခန်းဖြိုခွဲတဲ့
နေ့ကနေ ဒီနေ့အထိ ဘာကြောင့်ရဲတပ်ဖွဲ့က မဖမ်းဆီးနိုင်တာလဲ။ ကိုကျော်မျိုးရွှေ အမှန်တကယ်ဖြစ်
ရမှာက အချုပ်တရားခံအဖြစ်နဲ့ တရားရုံးရှေ့ကို ဥပဒေနဲ့အညီ ရောက်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့
ရဲတပ်ဖွဲ့ကမဖမ်းဘဲနဲ့ သူ့အစီအစဉ်နဲ့သူ တရားရုံးကိုရောက်လာခြင်းသည် မြန်မာနိုင်ငံရဲ့
တရားစီရင်ရေးစနစ်နဲ့ ရဲလုပ်ငန်းစနစ်ကို စိန်ခေါ်ခြင်းလို့ မြင်ပါတယ်။ ဥပဒေနဲ့ မညီညွှတ်ဘူးလို့
အတိအကျ ပြောလိုပါတယ်''ဟု ၄င်းက ဆိုသည်။

ကိုကျော်မျိုးရွှေက ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စွဲဆိုထားသောအမှုကို
မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဇူလိုင် ၃၁ ရက်က စတင် ရုံးထုတ်ခဲ့ပြီး ကိုဆွေဝင်းက
အာမခံလျှောက်ထားရာ တရားရုံးက လက်ခံခဲ့သည်။

သြဂုတ် ရ ရက် ရုံးချိန်းတွင် တရားလိုဖြစ်သူကိုကျော်မျိုးရွှေကို စစ်ဆေးမည်ဖြစ်ရာ ၄င်းသည်
နံနက် ၁၁ နာရီအချိန်ခန့်တွင် တရားရုံးသို့ ရောက်ရှိလာပြီး ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်
ပြန်လည်ထွက်ခွာသွားသည်။

မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် တရားခွင်ကို ပြန်လည်စတင်ခဲ့ရာ ကိုဆွေဝင်း၏
ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က ရာဇသတ်ကြီး ကျင့်ထုံးဥပဒေပုဒ်မ ၆၅ အရ
ကန့်ကွက်တင်ပြခဲ့သည်။ ကိုကျော်မျိုးရွှေ၏ ရှေ့နေ့နှင့် ကိုဆွေဝင်း၏ ဥပဒေအကြံပေးတို့၏
အပြန်အလှန် တင်ပြချက်များကို ကြားနာပြီးနောက်မဟာအောင်မြေမြို့နယ် တရားသူကြီးက
ကိုကျော်မျိုးရွှေအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် အမိန့်ချမှတ်ခဲ့သည်။

တရားခွင်အပြီးတွင် ချမ်းမြသာစည်မြို့နယ် တရားရုံး၏ ရာကြီး (၉၄၁/၂ဝ၁၇)၊ ရာဇသတ်ကြီး
ပုဒ်မ ၅ဝ၅(ခ)အမှုမှ တရားခံဖြစ်သောကိုကျော်မျိုးရွှေကို ချမ်းမြသာစည် မြို့မရဲစခန်းမှ
တာဝန်ရှိသူများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး