အိန္ဒိယနိုင်ငံလုပ် ရထားစက်ခေါင်းသစ်များ ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် စမ်းသပ်ပြေးဆွဲ

အိန္ဒိယနိုင်ငံလုပ် ရထားစက်ခေါင်းသစ်များ ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် စမ်းသပ်ပြေးဆွဲ

မြန်မာမီးရထားက ဝယ်ယူထားသည့် အိန္ဒိယနိုင်ငံထုတ် ရထားစက်ခေါင်း ခြောက်ခေါင်းရောက်
ရှိနေပြီး လက်ရှိတွင် ရန်ကုန်မန္တလေးလမ်းပိုင်းတွင် ကုန်ရထားအဖြစ် စမ်းသပ်မောင်းနှင်နေပြီ
ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့မီးရထား စက်မှု အင်ဂျင်နီယာဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံမှ မီးရထားစက်ခေါင်း ၁၈ ခေါင်း ဝယ်ယူထားခြင်းဖြစ်ပြီး ရန်ကုန်တွင် စက်ခေါင်း
နှစ်ခေါင်းနှင့် မန္တလေးတွင် စက်ခေါင်း လေးခေါင်းကို ကုန်တန်ချိန် ၁,၂ဝဝ အားစမ်းသပ်မောင်းခြင်း
ဖြစ်ကြောင်း ယင်းဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

''ကုန်ရထားအဖြစ် ဘယ်လောက်ဆွဲနိုင်သလဲဆိုတာ စမ်းသပ်မောင်းနှင်နေတယ်။ အိန္ဒိယနိုင်ငံက
စက်ခေါင်းအသစ်တွေပါ'' ဟု၄င်းတာဝန်ရှိသူက ပြောသည်။

မြန်မာ့မီးရထားက လက်ရှိ၌ တရုတ်၊ အိန္ဒိယ၊ဂျာမနီ၊ ပြင်သစ်၊ ဂျပန်နိုင်ငံထုတ် စက်ခေါင်းများကို
အသုံးပြုနေခြင်းဖြစ်ကာ အသစ်ရောက်ရှိလာသော စက်ခေါင်းတစ်ခေါင်းလျှင် ကန်ဒေါ်လာ
၁ ဒသမ ၈ သန်း ရှိကြောင်း၊ အိန္ဒိယနိုင်ငံလုပ် စက်ခေါင်း ၆၁ ခေါင်းရှိပြီး အသစ် ၁၈ ခေါင်းထပ်မံ
တိုးမြှင့်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂ဝ၁၇၁၈ ခု ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ၂၁ ခု ဘဏ္ဍနှစ်
အတွင်း မြန်မာ့မီးရထားက နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်း ခုနစ်ခု ရှိပြီး
ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ဒီဇယ်စက်ခေါင်းများ၊ လူစီးတွဲများနှင့်
စက်ပစ္စည်းများ ဝယ်ယူခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးစီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး