နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်နေပြည်သူများ
ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည့် မြေတိုင်ကန်ကျေးရွာရှိ ဒေသခံများ၏
တောင်းဆိုချက်များဆွေးနွေးပွဲပြုလုပ်နေစဉ်အတွင်း ပြေလည်မှုများ ရရှိခဲ့သည်။
ယခုလ ရ ရက်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ကျေးရွာတွင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်နေပြည်သူများ၏
ငြိမ်းချမ်းရေးစကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။ယင်းစကားဝိုင်းတွင် ဒေသခံများ လျှပ်စစ်မီး
ရရှိရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးခဲ့ကြပြီးကျေးရွာလိုအပ်ချက်များ
ကို တင်ပြရာတွင် ဆွေးနွေးပွဲပြုလုပ်နေချိန်အတွင်း အလှူရှင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့
ဆက်သွယ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
''အမေစုကို အပြင်မှာလည်း ဒီအသက်အရွယ်အထိ တစ်ခါမှာ မမြင်ဖူးခဲ့ဘူး။ အခု ရွာကိုလာမယ်
ဆိုတော့ မနက်ကတည်းက ထွက်စောင့်နေလိုက်တယ်။ ရွာမှာကတော့ အခုလောလောဆယ်
လမ်းတွေအတော်လေး ကောင်းသွားတယ်။ အရင်ဆိုရင်သွားရေး လာရေး ခက်တာပေါ့။
ဝမ်းလည်းသာတယ်။ ရွာကိုလည်း လူတွေအများကြီး လာကြတော့ ပျော်တယ်။
လိုအပ်ချက်ကလေးတွေ အဆင်ပြေသွားတယ် ကြားတော့လည်း စိတ်ချမ်းသာတာပေါ့''ဟု
မြေတိုင်ကန်ကျေးရွာမှ ဒေသခံ အသက် ၅ဝ ကျော်အရွယ်ဒေါ်ညွန့်ရီက ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြေတိုင်ကန်ကျေးရွာရှိ ဒေသခံ သီးနှံကုန်သည်ပွဲစား
ဒေါ်ပိုးတီ၊ ကျောင်းဆရာ ဦးထွန်းဝင်း၊ ကုန်မျိုးစုံ ဆိုင်ပိုင်ရှင် ဒေါ်ခင်ဆွေ၊ တောင်သူ
ဦးအောင်တင့်၊ ကျောင်းသူ မထက်ထက်အောင်၊ ကားလုပ်ငန်းပိုင်ရှင် ဦးရဲစိန်၊ ဆန်စက်ပိုင်ရှင်
ဦးကျော်ဖုန်း၊ ရက်ကန်းရုံပိုင်ရှင် ဦးဝင်းဇော်တို့နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယင်းဆွေးနွေးပွဲ
ကို ပြည်တွင်းအခြေစိုက် မီဒီယာများနှင့် အစိုးရပြန်ကြားရေး သတင်းဌာနများက အင်တာနက်
စာမျက်နှာများတွင် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ကြသည်။
ကျောင်းဆရာ ဦးထွန်းဝင်းက လက်ရှိ ကျေးရွာတွင် သူငယ်တန်းမှပဥ္စမတန်းအထိ ပညာသင်ကြား
နေသည့် ကျောင်းသားဦးရေ ၆၉ ဦးရှိပြီး အခြားမြို့များသို့ သွားရောက် ပညာသင်ကြားနေရသည့်
ကျောင်းသား ၅၂ ဦး ရှိကြောင်း၊ ပဥ္စမတန်းကျောင်းသားများအတွက် စာသင်ဆောင်
လိုအပ်နေကြောင်း ဆွေးနွေးနေစဉ် လုပ်ငန်းရှင်တစ်ဦးက တိုင်းအစိုးရအဖွဲ့သို့ ဆက်သွယ်
လှူဒါန်းမှု လက်ခံရရှိထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က
ပြောကြားသည်။
''အခုကျွန်တော် ပြောချင်တာက ဝမ်းသာစရာ သတင်းပါပဲ။ ဆွေးနွေးပွဲလုပ်နေစဉ်မှာပဲ
ကျွန်တော်တို့ဆီကို အလှူရှင်တစ်ဦးက စာသင်ဆောင်ကို လှူဒါန်းပါမယ်လို့ အကြောင်းကြားလာ
ပါတယ်။ ဒီကိစ္စလည်း အဆင်ပြေသွားပါတယ်'' ဟု ဆွေးနွေးပွဲတွင်ဝန်ကြီးက ကြေညာခဲ့သည်။
တောင်သူတစ်ဦးက မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိနိုင်မှုကို ဆွေးနွေးခဲ့ရာတွင်
ဝန်ကြီးချုပ်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် ဆွေးနွေးပြီးဖြစ်သောကြောင့်
တစ်ပတ်အတွင်း ရေရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲပြီးဆုံးချိန်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်က မေးခွန်းသုံးခု မေးမြန်းနိုင်ကြောင်း ဒေသခံများကို
ဖိတ်ကြားခဲ့ပြီး ဝမ်းတွင်းမြို့နယ်၊ ညောင်ပင်သာရွာမှ ဒေါ်မြသန်းရီက ၄င်းတို့ကျေးရွာတွင်
အိမ်ခြေ ၂၅ဝ ရှိပြီး ၈၅ အိမ်သာ လျှပ်စစ်မီးရရှိကြောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုတစ်ရွာလုံး
မီးလင်းနိုင်ရန် ဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်
ပြန်လည်ဖြေကြားနေစဉ် အလှူရှင်တစ်ဦးက အစိုးရအဖွဲ့သို့ ကျပ်သိန်း ၂ဝဝ ဆက်သွယ်လှူဒါန်း
ခဲ့သည်။
ကျေးရွာရှိ သက်ကြီးရွယ်အိုများက သောက်သုံးရေရရှိမှု အခက်အခဲများနှင့် မြစ်ချောင်းတာ
တမံများ ပြိုကျနေမှုအခက်အခဲများကို တင်ပြခဲ့ကြပြီး ပြေလည်မှုများ ရရှိခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကငြိမ်းချမ်းရေး မရရှိသေးသောဒေသများနှင့်
ဝေးကွာသော ကျေးရွာတစ်ရွာတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မည်မျှ အတွေးအခေါ်ရှိသည်၊
စဉ်းစားခြင်း ရှိမရှိ သိရှိနိုင်ရန် ငြိမ်းချမ်းသောဒေသတွင် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ခဲ့သော်လည်း
ဆွေးနွေးပွဲတွင် ဒေသခံအများစုသည် မိမိတို့ကဏ္ဍအလိုက် လိုအပ်ချက်များကိုသာ အဓိကထား
တင်ပြပြောဆိုခဲ့ကြသည်။
















