စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချသော မျိုးစေ့များကို စစ်ဆေးသွားမည်

စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချသော မျိုးစေ့များကို စစ်ဆေးသွားမည်

စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချသော မျိုးစေ့များကိုစစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း
ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြတ်ဆွေက
ပြောသည်။

''ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာအရောင်းဆိုင်တွေမှာ မျိုးစေ့တွေ တင်ရောင်းတဲ့ဟာတွေရှိတယ်။
အဲဒါတွေကိုစစ်မယ်။ စစ်ဆေးလို့ မျိုးစေ့ဥပဒေနဲ့ ငြိရင် ပထမ သတိပေးမယ်။ နောက်တစ်ခါတွေ့ရင်
အရေးယူတဲ့အပိုင်းတွေ ရှိလာမယ်''ဟု ၄င်းက ပြောသည်။

မျိုးစေ့ဥပဒေကို ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီ ရ ရက်က စတင်ထုတ်ပြန်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ
၁၈ ရက်တွင် အဆိုပါဥပဒေ ပြင်ဆင်ချက်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ၂ဝ၁၆ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
ရက်တွင် လုပ်ထုံးလုပ်နည်းများထုတ်ပြန်ခဲ့ကြောင်း၊ လောလောဆယ်တွင် မျိုးစေ့အရောင်းဆိုင်
များသည် အဆိုပါဥပဒေကို လိုက်နာမှုအပိုင်းတွင် အားနည်းနေသေးကြောင်း ၄င်းက ပြောသည်။

''မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီက ထုတ်ထားတဲ့ မျိုးစေ့ ၅၄၃ မျိုးရှိတယ်။ အဲဒီမျိုးစေ့မှ
သုံးလို့ရတယ်။ အဲဒါမဟုတ်ရင် အရေးယူလို့ရတယ်''ဟု ၄င်းက ပြောသည်။

ယခင်က နိုင်ငံခြားမှ တင်သွင်းလာသည့် မျိုးစေ့များကို စိုက်ပျိုးရောင်းချမှုများ ရှိခဲ့သော်လည်း
ယခုအခါ ထိုကဲ့သို့ရောင်းချခွင့်မရှိတော့ကြောင်း ၄င်းက ပြောသည်။

''အခု မျိုးသစ်တစ်ခု ရောက်လာရင် သူ့ရဲ့ အရင်းမြစ်ကို လိုက်ရတယ်။ ဘယ်နိုင်ငံက သွင်းလာတာလဲ၊
တင်သွင်းခွင့်လိုင်စင် ရထားပြီးသားလား၊ မျိုးစေ့အသိအမှတ်ပြုလက်မှတ် ရထားပြီးသားလားဆိုတာ
စစ်ဆေးရတယ်''ဟု ၄င်းက ဆိုသည်။

မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီက ထုတ်ထားသော မျိုးစေ့ ၅၄၃ မျိုးတွင် မပါဝင်ပါက ကျန်သည့်
မျိုးစေ့များကို အသစ်ဟု သတ်မှတ်ကြောင်း၊ မျိုးစေ့အသစ်များသည် အသိအမှတ်ပြုလက်မှတ်ရရန်
မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီသို့ လျှောက်ထားရကြောင်း၊ ရာသီဥတုကွဲပြားခြားနားသည့်
ဒေသသုံးခုတွင် အနည်းဆုံး တစ်ရာသီ စမ်းသပ်စိုက်ပျိုးရကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုက်ညီမှ
အဆိုပါမျိုးသစ်ကို ဖြန့်ချိရကြောင်း ၄င်းက ရှင်းပြသည်။

ထို့ပြင် မျိုးစေ့ကို ထုပ်ပိုးထားသော၊ သို့မဟုတ် ထည့်သွင်းထားသောပစ္စည်းတွင် ကုန်အမှတ်
တံဆိပ်၊ မျိုးစေ့အမည်၊ မျိုးစေ့အလေးချိန်၊ မျိုးစေ့အရည်အသွေး၊ သုံးစွဲရန်အညွှန်းစာ၊
သက်တမ်းကုန်ဆုံးမည့် ရက်စွဲ၊ လိုင်စင်အမှတ်နှင့် ရက်စွဲ၊ မျိုးစေ့အရည်အသွေးနှင့် စပ်လျဉ်း၍
အာမခံကြောင်းတို့ကို ဖော်ပြရမည်ဟု ၄င်းက ပြောသည်။

''အသိအမှတ်ပြုလက်မှတ်တို့၊ လိုင်စင်တို့ မရသေးဘဲနဲ့ဖြန့်ရင် အရေးယူလို့ရတယ်။ မျိုးစေ့
ဥပဒေပါ အချက်တွေကိုဖောက်ဖျက်တယ်ဆိုရင် ထောင်ဒဏ် ခြောက်လ ဒါမှမဟုတ်ကျပ်
၁ဝ သိန်းထက်မပိုတဲ့ ဒဏ်ငွေ ချမှတ်တယ်။ ဒဏ်နှစ်ရပ်စလုံးလည်း ချနိုင်တယ်''ဟု ၄င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး