နေရာအတွက် အလုပ်မလုပ်ရန် အင်န်အယ်လ်ဒီပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည် သတိပေး

နေရာအတွက် အလုပ်မလုပ်ရန် အင်န်အယ်လ်ဒီပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည် သတိပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များအနေဖြင့် နိုင်ငံရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် နေရာ
မက်ပြီး အလုပ်မလုပ်ကြရန် ဒီဇင်ဘာလ ၈ ရက်နှင့် ၉ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ နှစ်
ရက်တာခရီးစဉ်အဖြစ် သွားရောက်ခဲ့ရာတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ပြောကြား
သည်။

"မရှိတဲ့နေရာက ကုလားထိုင်ကို ၀င်လုနေတဲ့သူတွေ ကုလားထိုင်ရှိရင် ဒုက္ခရောက်လိမ့်မယ်" ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထောင်
ပေါင်းများစွာသော ပြည်သူများ နှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် နိုင်ငံရေးပါတီများကို ထိန်းထားနိုင်ရန်လိုအပ်ပြီး ပြောတိုင်းလည်းမယုံရန်
သတိပေးပြောကြားခဲ့ပြီး နိုင်ငံရေးပါတီဝင်များသည်လည်း ပုထုဇဉ်များသာ ဖြစ်သည့်အတွက်
အတိုင်းအတာတစ်ခုအထိ နားလည်မှု ပေးရန်လိုအပ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့သည်။

"ကျွန်မတို့ ပါတီဝင်တွေလည်း ခြောက်ပြစ်ကင်းသဲလဲစင်တွေ မဟုတ်ကြပါဘူး"ဟု ၎င်းက ပြော
ကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အဖွဲ့ဝင်များ အမြင်မတင့်သည်များကို လုပ်ဆောင်ပါက ပြည်သူ
များအနေဖြင့် ပြောဆိုဝေဖန်ပိုင်ခွင့်ရှိပြီး စေတနာနှင့် ကရုဏာထားပြီး ပြောဆိုကြရန်လည်း
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား တိုက်တွန်းပြောကြားခဲ့သည်။

အားနည်းချက်များ၊ အပြစ်အနာ အဆာများကိုလည်း ပြည်သူများ၏ ထောက်ခံမှု၊ အားပေးမှုများနှင့်
ပြုပြင် ယူသွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို ကတိပေး ပြောကြားခဲ့
သည်။

"ကျွန်မတို့ကို ပြည်သူတွေက ထောက်ပြ ဝေဖန်ပြုပြင်တဲ့နည်းနဲ့ပဲ ရှေ့ဆက်သွားရပါမယ်" ဟု ၎င်း
ကပြောသည်။

နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်အစိုးရ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချိန်မှစ၍ ပါတီဝင်သစ်များ လျှောက်လွှာခေါ်ယူ
ခဲ့ရာ မှ ၀င်ရောက်လာခဲ့သူများထဲတွင် အခွင့်အရေးမျှော်ကိုးသူများလည်း ပါ၀င်နိုင်သည်ဟု ဥတ္တရ
သီရိမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

"တံခါးဖွင့်တာဆိုတာ လေကောင်း လေသန့်လိုချင်လို့ ဖွင့်တာ။ အမှိုက် သရိုက်နည်းနည်းပါလာလို့
ပြန်ပိတ်မယ်ဆိုရင် လေကောင်းလေသန့်ဘယ်ရတော့မလဲ" ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကြာမီကျင်းပတော့မည့် ပါတီညီလာခံအတွက် အကြိုပြင်ဆင်မှု
များပြုလုပ်ရာတွင် မြို့နယ်အချို့၌ ပြဿနာများဖြစ်ပွားခဲ့ရသည့်အကြောင်းများသည် ပါတီအနေဖြင့်
အခက်အခဲများဟု ယူဆဖွယ်ရှိသော်လည်း တစ်ဖက်မှကြည့်ပါက အခွင့်အလမ်းဟု ဆိုနိုင်သည်ဟု
ဦးမင်းသူက ပြောသည်။

"နှစ်ပေါင်း ၆၀ လောက် အပိတ်နေခဲ့ရတဲ့ နိုင်ငံမှာ အခုလိုပါတီညီလာခံတစ်ခုကို ဒီမိုကရေစီနည်းကျ
လုပ်လို့ ပါတီတွင်း ပြဿနာအချို့ဖြစ်တာဟာ ဒီမိုကရေကျင့်စဉ်တွေကို လက်တွေ့လေ့ကျင့်ခွင့်ရ
တယ်လို့ မြင်မိပါတယ်" ဟု ဦးမင်းသူက ပြောသည်။

ပြဿနာများကို ကြောက်နေရန်မလိုဘဲ သံသယများ၊ မကျေလည်မှုများကို ညှိနှိုင်းဆွေးနွေးမှုများ
ဖြင့်သာ အဖြေရှာရန် အဓိကလိုအပ်သည်ဟု ဦးမင်းသူက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး