မန္တလေးကုန်စည်ဈေးကွက်အတွင်း နှမ်းနက်(စမုံ)မှာ ယခင်လ ၂၀ ရက်ခန့်မှ စ၍ တဖြည်းဖြည်း
ဈေးမြင့် တက်လာရာမှ ယခုအခါ ထိပ်စ သုံးတင်းဝင် တစ်အိတ်လျှင်ကျပ် ၁၂၀,၀၀၀ ကျော်သို့
ရောက်ရှိလာပြီး အရောင်းအဝယ်မှာ ပုံမှန်သာရှိ ကြောင်း သိရသည်။
"နှမ်းနက်ရိုးရိုးကလည်း တစ်အိတ်ကို ၉၈,၀၀၀ လောက်ကနေ ၁၀၈,၀၀၀၊ ၁၁၀,၀၀၀ ထိဖြစ်
သွားတယ်။ စမုံရော၊ ရိုးရိုးပါ တစ်အိတ်ကို ကျပ်တစ်သောင်း လောက်စီ တက်သွားတယ်။
အရောင်း အဝယ်က နေ့တိုင်းဖြစ်တယ်။ ဒါပေမယ့် ဈေးဒီလောက် မမြင့်ခင်ကတော့ ပိုသွက်
တာပေါ့။
"အခုဒီဈေးဖြစ်သွားတော့ အရောင်းအဝယ် နည်းနည်းငြိမ်သွားတယ်။ ဈေးကတော့ အမြင့်ဆုံး
ဈေးဖြစ်နေပြီဆိုတော့ ဒီထက်တက်ဖို့တော့ မမြင်ဘူး။ ၀ယ်လိုအားရှိနေသေးတဲ့အတွက် ကျ
လည်းမကျနိုင်သေးဘူး။ ရာသီက လည်း အခုမှပေါ်တော့ အချိန်လည်း ကျန်သေးတယ်"ဟု
ဘောဂပွဲရုံမှ ဦးမောင်ဌေးက မြန်မာတိုင်း(မ်)ကို ပြောသည်။
နှမ်းဖြူမှာ ထိပ်စတစ်အိတ်လျှင် ကျပ် ၉၅,၀၀၀၊ ပုံမှန်စမှာ ကျပ် ၉၀,၀၀၀နှင့် အောက်စမှာ
ကျပ် ၈၅,၀၀၀ ဖြစ်ကြောင်း၊ နှမ်းညိုမှာမူ တစ်အိတ်လျှင် ကျပ် ရ၈,၀၀၀ ရှိနေရာမှ တရုတ်
၀ယ်လက် ပြန်ဝယ်သဖြင့် ကျပ် ၈၃,၀၀၀ ထိ ဈေးပြန် တက်လာ ကြောင်း သိရသည်။
"အဖြူက အေးနေတာ ငါးရက် လောက်ရှိပြီ။ ဒီလလယ်မှ နည်းနည်း အဝယ်ပြန်လိုက်တာ။
အညိုလည်း တရုတ်ဝယ်လို့ ဈေးတက်သွားတာပဲ။ ဒါပေမယ့် ဒီထက်တော့ မတက်နိုင်တော့
ဘူး။ အခုကို အဖြူအောက်စနဲ့ အရမ်း ကပ်နေပြီ။ အဖြူဝယ်လို့မရရင်တော့ တစ်မျိုးပေါ့။
အဖြူကတော့ နည်းနည်း ထပ်တက်နိုင်သေးတယ်"ဟု ဦးမောင် ဌေးက ဖြည့်စွက်ပြောသည်။
ဆီကြိတ်နှမ်းဖြစ်သည့် နှမ်းညိုဈေး တက်သဖြင့် နှမ်းဆီမှာလည်း တစ်ပိဿာ လျှင် ကျပ်
၃,၁၀၀ နှင့် ၃,၂၀၀ ကြားသို့ ရောက်ရှိလာပြီး ပဲဆီဈေးနှင့် အနည်း ငယ်သာ ကွာခြားတော့
သဖြင့် အရောင်း အဝယ်အေးကြောင်းလည်း ဆီစက်လုပ် ငန်းရှင်တစ်ဦးက ဆိုသည်။
ယခုနှစ် နှမ်းဈေးနှုန်းများမှာ ယမန် နှစ် နှင့်နှိုင်းယှဉ်လျှင် အလွန်ကွာခြားခဲ့ပြီး ယမန်နှစ်က
နှမ်းနက်(စမုံ)မှာ တစ်အိတ် လျှင် ကျပ် ၈၅,၀၀၀ နဲ့ ၉၀,၀၀၀ ကြား၊ နှမ်းနက် (ရိုးရိုး)မှာ
တစ်အိတ် လျှင် ကျပ် ရ၀,၀၀၀ နှင့် ရ၅,၀၀၀ ကြားတွင်သာ ရှိခဲ့ကြောင်း၊ ယခုနှစ်တွင်
တစ်အိတ် ကျပ် ၁၀၀,၀၀၀ ကျော် သို့ရောက်ရှိနေခြင်းမှာ တရုတ်ပြည်၏ နှမ်းလိုအပ်ချက်နှင့်
ဈေးကွက်အနေအထားတို့ကြောင့် ဖြစ် ကြောင်း သိရသည်။
လက်ရှိဈေးမှာ အတက်အကျကိုမခန့်မှန်းနိုင်သောကြောင့် ဈေးကွက် အတွင်း နှမ်းလှောင်သူ
မရှိသလောက် နည်းပါး နေကြောင်းလည်း သိရသည်။















