အလွယ်တကူ မကျိုးပဲ့နိုင်သော လမ်းတားပလတ်စတစ်ကတော့များကို အစားထိုးသုံးစွဲသွားမည်

အလွယ်တကူ မကျိုးပဲ့နိုင်သော လမ်းတားပလတ်စတစ်ကတော့များကို အစားထိုးသုံးစွဲသွားမည်

မန္တလေးမြို့တွင် အလွယ်တကူ မကျိုးပဲ့ နိုင်သော အနီရောင်လမ်းတား ပလတ် စတစ်ကတော့
(  Traffic Cone ) များကို အစားထိုးသွားမည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာ
ရေးကော်မတီ လမ်းတံတားဌာနထံမှ စုံစမ်းသိရှိရ သည်။

"လမ်းအသုံးပြုသူတွေက မီးပွိုင့်လို လမ်းဆုံရောက်ရင် ကိုယ့်ယာဉ်ကြော ကိုယ်မမောင်းဘဲနဲ့
သူများယာဉ်ကြော ထဲ ရောက်နေတယ်။ ဒါ့ကြောင့် ယာဉ် လမ်းကြောင်းခွဲဖို့အတွက် မူလတုန်း
က ကွန်ကရစ်တုံးတွေကို စသုံးခဲ့တယ်။ အဲဒီကွန်ကရစ်တုံးတွေက ထိခိုက်မိရင် အသက်
အန္တရာယ် စိုးရိမ်ရတယ်။ နောက်ပြီး လက်ရှိသုံးနေတဲ့ အနီရောင် ပလတ်စတစ် ကတော့တွေ
ကလည်း ကျိုးပဲ့လွယ်တယ်။ ဒါ့ကြောင့် အလွယ်တကူ မကျိုးပဲ့နိုင်တဲ့ အနီရောင်လမ်းတား
ပလတ်စတစ်ကတော့တွေကို အစားထိုး သွားမှာပါ"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး
ကော်မတီ လမ်းတံတားဌာနမှူး ဒေါ်ခင်မေဋ္ဌေးက ပြောသည်။

လက်ရှိတွင် အနီရောင်လမ်းတား ပလတ်စတစ်ကတော့များကို ယာဉ် ကြောရှုပ်ထွေးသော ရ၈
လမ်းနှင့် ၂၆  လမ်း၊ ရ၈ လမ်း နှင့် ၃၅ လမ်း၊ ၆၂ လမ်းနှင့် ၃၅ လမ်းများတွင် ထားရှိထားပြီး
မကြာခဏ ထိခိုက်မှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

"လမ်းတား ပလတ်စတစ်ကတော့ တွေကို  နောက်ထပ်တိုးချဲ့ချထားသွားမှာပါ။ အထူးသဖြင့်
၇၃ လမ်းနဲ့ လမ်း ၃၀၊  ရ၃ လမ်းနဲ့ ၃၅ လမ်း၊ လမ်း ၈၀ နဲ့ ၂၆ လမ်း တွေမှာ ယာဉ်လမ်းကြောင်း
ခွဲဖို့အတွက် ဒီလမ်းတားကတော့တွေကို  တိုးချဲ့ချသွားမှာပါ"ဟု  လမ်းတံတားဌာနမှူး
ဒေါ်ခင်မေဋ္ဌေးက ပြောသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း အမှတ်အသားပြ အဆိုပါလမ်းတား ပလတ်စတစ်ကတော့
များကို အောက်တိုဘာလ ၁၈ ရက်နေ့မှစပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ
က ထုတ်လုပ်လျက်ရှိပြီး လိုအပ်သလောက် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

"လမ်းတား ပလတ်စတစ်ကတော့တွေကို ဒီမှာပဲ စံချိန်မီထုတ်လုပ်နေပါတယ်။ မန္တလေးမြို့မှာ
ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်မှုကော်မတီ လှုပ်ရှားမှုနဲ့  မီးပွိုင့်တွေ၊ ယာဉ်ကြောခွဲတဲ့
နေရာ တွေမှာ ညရောင်ပြန်ပြား ကပ်ပြီးထား မယ်။ မတော်တဆကြောင့်ပဲဖြစ်ဖြစ်
တမင်တကာပဲဖြစ်ဖြစ် ကျိုးပဲ့ပျက်စီးသွားရင် ချက်ချင်းပြန်တပ်ဆင်မှာပါ။ ကျွန်တော်တို့ဆီကနေ
တစ်နေ့ကို အခု သုံးလေးဆယ်လောက် ထုတ်လုပ်နိုင်ပါတယ်"ဟု သန့်ရှင်းရေးဌာနမှူး ဦးနေဝင်း
မြင့်က ပြောသည်။

အခြားပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ စည်ပင်သာယာရေးအဖွဲ့များနှင့် ဆောက်လုပ်ရေး
ကုမ္ပဏီများက  မှာယူလိုပါက ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး