သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်
လက်တွဲပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးမှာ အရေးကြီး သောကဏ္ဍတွင်ပါ၀င်ကြောင်း နိုဝင်ဘာ
လ၂၄ရက်နေ့က ပုပ္ပားတောင် ရွှေမန်ကျည်းတောတောရ၌ ပြုလုပ်သည့် ဒုတိယအကြိမ် မြန်မာ
အစိမ်းရောင်ကွန်ယက်၏တွေ့ဆုံပွဲတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် ပညာရှင်များက
ပြောသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရက ဖွဲ့စည်းပုံ
အခြေခံဥပဒေတွင် ပြဌာန်းထားပြီးဖြစ်သောကြောင့် နိုင်ငံသားတိုင်း အစိုးရနှင့်အတူလက်တွဲ
ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် ပညာရှင် ဒေါ်ဒေဝီ
သန့်စင်က ပြောသည်။
"သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေက မြန်မာနိုင်ငံအပြင် ကမ္ဘာမှာကိုဖြစ်နေတော့ နိုင်ငံ
ရဲ့ရေပေါ်၊ ရေအောက် သယံဇာတတွေကို အတူတကွထိန်းသိမ်းသင့်နေပါပြီ၊ နိုင်ငံတော် အစိုးရ
အနေနဲ့လည်း ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်"ဟု ၎င်းက ပြောသည်။
သဘာဝပတ်ဝန်းကျင်နှင့် ထိန်းသိမ်း သည့်လုပ်ငန်းစဉ်များ ဆောင်ရွက်နေ သည့်အဖွဲ့များသည်
အစိုးရကို ဆန့်ကျင် သည့် အဖွဲ့အစည်းများ မဟုတ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ
အဖွဲ့ အစည်းများက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီးပွားရေးတိုးတက် မှုဟူသော
ရှုဒေါင့်တစ်ခုတည်းကိုသာ အလေးပေးကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အလေးမထား
သည့်အခါ ပြည်သူလူထု၏ လူနေမှုနှင့်ကျန်းမာရေး ကို ထိခိုက်ပျက်ပြားစေမည့် အခြေအနေ
ကို တွေ့ရှိပါက အချိန်မီသတိပေးပြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်
နေခြင်းဖြစ်ကြောင်း ပညာရှင်များ၏ ပြောပြချက်အရ သိရသည်။
နိုင်ငံတော်၏စီးပွားရေးနှင့် စွမ်းအင် ထုတ်လုပ်ရေးစီမံကိန်းများက သယံဇာတများကို ထုတ်ယူ
သုံးစွဲရာတွင် ပြည်သူလူထုအား ထင်သာမြင်သာ အောင် တင်ပြဆွေးနွေးပြီး ပညာရှင် များ၏
အကြံဉာဏ်များ၊ အပြုသဘော ဝေဖန်သုံးသပ်မှုများကို အလေးထား၍ ပြင်ဆင်ဆောင်ရွက်ရန်
လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းထံမှ အစိမ်းရောင်
ကွန်ရက် အဖွဲ့ဝင်များထံသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
မြစိမ်းရောင် နိုဝင်ဘာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ကြေညာချက်၌လည်း ၂၁ ရာစု
တွင် လူသားများ၏ ရှင်သန်ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုကြီး တစ်ရပ်
အဖြစ် ရာသီဥတုပြောင်းလဲလာမှုကို အရေးကြီးသော ဖြစ်ရပ်တစ်ခုအဖြစ်ပညာရှင်များက
သတ်မှတ်ခဲ့ကြပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်
ကျရောက်လာမှု ဆိုးကျိုးများကိုလည်း အလားတူ အရေးကြီးဖြစ်ရပ်အဖြစ် ထပ်မံ သတ်မှတ်ထား
ကြကြောင်း ဆိုသည်။
၂၀၀၈ ခုနှစ်တွင် ကျရောက်ခဲ့သော လူပေါင်း၂၅၀,၀၀၀ ကျော် သေဆုံးပြီး ကျပ်ငွေသန်း ဘီလီယံ
ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည့် နာဂစ်မုန်တိုင်းမှအစချီ၍ ဆင့်ကဲဆင့်ကဲ ဖြစ်ထွန်းလာသော
မုန်တိုင်း၊ ငလျင်၊ အယ်လ်နီညို၊ လာနီညာစသည့် သဘာဝဘေး အန္တရာယ်များက သဘာဝ
ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု အကျိုးဆက်များဖြစ်ကြကာ သဘာဝဘေးအန္တရာယ် ကျရောက်
နိုင်သော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံလည်း ပါ၀င်လာခဲ့သည်။
မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ၊ ပြည်သားများသာမက တစ်ကမ္ဘာလုံးရှိ လူသားအားလုံး၏ ရှင်သန်
မှုကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်လျက်ရှိသော ရာသီဥတု ပြောင်းလဲလာမှု၏ ဆိုးကျိုးများကို
ရင်ဆိုင်ဖြေရှင်းရန်မှာ သက်ဆိုင်ရာအစိုးရများ၊ ဒေသအာဏာပိုင်များနှင့် ဒေသဆိုင်ရာ ပြည်သူ
လူထု၏ ပူးပေါင်းပါ၀င်ဆောင်ရွက်မှုမှာ အရေးပါသောအခန်းကဏ္ဍတွင် တည်ရှိနေသည်ဟု
ယုံကြည်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
အဆိုပါ ဒုတိယအကြိမ်မြောက် မြန်မာ အစိမ်းရောင်ကွန်ယက်၏ တွေ့ဆုံပွဲတွင် မြန်မာတစ်နိုင်ငံ
လုံးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်သည့် အဖွဲ့ပေါင်း ၅၀ကျော်
တက်ရောက်ကြပြီး နိုဝင်ဘာ၂၄ ရက်မှ၂၆ ရက်နေ့အထိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စ
ရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။















