မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေး ကွန်ယက်တစ်ခု ပေါ်ပေါက်လာရေးနှင့် လူ့အခွင့်အရေး
လုပ်ငန်းစဉ်များ ကြိုးပမ်းဆောင်ရွက်သွားရန်အတွက် လူ့အခွင့်အရေး ဖော်ဆောင်မှုအဖွဲ့ ံHuman
Rights Working Group ကို ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့ကို ပြင်ဦးလွင်မြို့နယ်၊ အာရှအလင်းရောင်ကျောင်းတိုက်၌ ပြုလုပ်သော ရပ်ဖက်
အဖွဲ့အစည်းများ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေး ဆွေးနွေးပွဲတွင် ဖွဲ့စည်းခဲ့ခြင်း
ဖြစ်သည်။
ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့်
ရန်ကုန်တိုင်းတို့မှ လူ့အခွင့်အရေး လှုပ်ရှားနေသော အရပ်ဖက်အဖွဲ့အစည်း ၄၅ ဖွဲ့၊ ဘာသာ
ရေးခေါင်းဆောင်များ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၁၆၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း
ဖြစ်ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ တာဝန်ရှိသူ ကိုနစ်ကီက ပြောသည်။
"အဓိကတော့ လူ့အခွင့်အရေးနဲ့ ပတ် သတ်ပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်မှာပါ။ လူ့အခွင့်အရေး
နဲ့ ပတ်သတ်ပြီး ကိုမင်းကိုနိုင် ပြောသွားသလို လူထုကနောက်ဆုံးလက်နက်ဖြစ်တဲ့ အင်အားသုံး
ဆန္ဒပြတာတွေကို အရင်ဆုံးလုပ်ဆောင်နေတယ်။ ကျွန်တော်တို့က အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်
ရာမှာ တရားဥပဒေ နည်းလမ်းတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သတ်တဲ့ အခြေခံစည်းမျဉ်းတွေ
သိထားဖို့ လိုအပ်ပါတယ်။ ဒီဥပဒေတွေ၊ စည်းမျဉ်းတွေကို လူထုတွေ ကျယ်ကျယ် ပြန့်ပြန့် သိရှိ
စေဖို့ လူ့အခွင့်အရေး ဖော်ဆောင်တဲ့ အဖွဲ့ကို ဖွဲ့စည်းရတာပါ"ဟု ၎င်းကပြောသည်။
လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပြဿနာများ ညှိနှိုင်းဆွေးနွေးခြင်း၊ လစဉ်အစည်းအဝေးများ
ပြုလုပ်ခြင်း၊ အသင်းအဖွဲ့ အချင်းချင်းချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်
ဖြစ်ကြောင်းကို နစ်ကီက ဆက်လက်ပြောပြသည်။
"မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့ ပြဿနာ
တွေကို တင်ပြဆွေးနွေးမယ်။ ဒီပြဿနာတွေကို ချက်ချင်းဖြေရှင်းလို့ မရနိုင်သေးပေမယ့် အနီး
စပ်ဆုံး လုပ်လို့ရတဲ့အထိ လုပ်ဆောင်သွားမှာပါ။ လူ့အခွင့်အရေး ဖော်ဆောင်မှု အဖွဲ့ဟာ မြန်မာ
နိုင်ငံအတွင်းမှာ ရှိတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ အစပျိုးလာပါပြီ"ဟု ၎င်းက ပြောသည်။
လူ့အခွင့်အရေးနှင့်ပတ်သတ်၍ အဖွဲ့ဝင်များသည် မိမိဒေသတွင် ပညာပေးခြင်း၊ လက်တွေ့
လုပ်ဆောင်ခြင်းနှင့် အဖွဲ့အချင်းချင်း ချိတ်ဆက်၍ ကူညီလုပ်ဆောင်ပေးရန် ရည်ရွယ်ကြောင်း
လူ့အခွင့်အရေး အလုပ်ရုံပွဲတွင် ပါ၀င်ဆွေးနွေးသူ ဦးအောင်ဇော်ထွေးက ပြောသည်။
"အဖွဲ့ဝင်တွေအနေနဲ့ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေကို လုပ် ဆောင်သွားဖို့
အရေးကြီးပါတယ်။သတင်းအချက်အလက်တွေ၊ လုပ်ဆောင်မှုတွေကို အဖွဲ့အချင်းချင်း မျှဝေ
သွားဖို့ လိုအပ်ပါတယ်။ နောက်ပိုင်းမှာအတူတကွ လက်တွဲပြီးတော့ ဆောင်ရွက်ချင်ပါတယ်"
ဟု ၎င်းက ပြောသည်။
ဆွေးနွေးပွဲ၌ ကချင်ပြည်နယ်တွင် စစ်ဘေးကြောင့် လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများ၊ ရခိုင်
ပြည်နယ်အတွင်း ရှိ ပဋိပက္ခများကြောင် ့ကြံုတွေ့နေရ သော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊
မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပေါ် နေသော မြေယာအသိမ်းခံရမှုများ၊ ပညာသင်ကြားခွင့်
ဆုံးရှုံးနေမှုများနှင် ့ လူ့အခွင့်အရေး ပညာပေးမှု၊ လှုပ်ရှားမှုအခြေအနေများနှင့် ဖွံ့ဖြိုးတိုးတက်
မှု အခြေအနေများကို အဓိက ဆွေးနွေး လေ့လာခဲ့ကြကြောင်း သိရသည်။
















