လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်ထုတ်ပြန်

လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်ထုတ်ပြန်

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ၁၀ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ လူ့အခွင့် အရေးနေ့ကို
ရည်ရွယ်၍ မြန်မာနိုင်ငံလုံး ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေး ဆွေးနွေးပွဲတွင်
ကဏ္ဍ ပေါင်းစုံမှ လူ့အခွင့်အရေးဆိုင်ရာ အချက် ၁၆ ချက်ကို ထုတ်ပြန်ကြေညာ ခဲ့ကြောင်း
သိရသည်။

ထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ၊ ပြည်သားများ၏ လူ့အခွင့်အရေး
ပြည့်ဝစွာ ခံစားနိုင်စေရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ပေးရန်၊ ကချင်
ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲ၍ နိုင်ငံရေးအနှစ်သာရရှိသော
နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားရန်၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော ပဋိပက္ခ
များကို အမြန်ဆုံးဖြေရှင်းပေးပြီး တရားဥပဒေ စိုးမိုးမှုရရှိစေရေး ဆောင်ရွက်ပေးရန်နှင့် ပြည်ပမှ
ကျူးကျော်ဝင်ရောက်နေမှုများကို တရားဥပဒေနှင့်အညီ စိစစ်အရေးယူပေးရန် တောင်းဆို
ထားသည်။

တဖန် လက်ပံတောင်းတောင် သပိတ် စခန်းများကို အကြမ်းဖက်ဖြိုခွင်းသော တာဝန်ရှိသူများ
အား ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်၊ အကြမ်းဖက်ဖြိုခွင်းခံရ
သောသံယာတော်များနှင့် ပြည်သူများကို ၀န်ချတောင်းပန်ရန်နှင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်
များကို တာဝန်ယူပေးရန် နှင့် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်၊ စုဝေးခွင့်များကို အကြမ်း
ဖက်ဖြိုခွင်းမှု များ မပြုလုပ်ရန်လည်း ယင်းကြေညာ ချက်၌ ဖော်ပြထားသည်။

ထို့ပြင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများနှင့် ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံထား
ရသူများ အားလုံးကို အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လည်လွှတ် ပေးရန်၊ အရင်းအမြစ်များကို စီမံ
ခန့်ခွဲ ရာ၌ ဒေသခံပြည်သူများ အကျိုးခံစားမှု သေချာစေရေးအတွက် ပွင့်လင်းမြင်သာမှု၊ တာဝန်
ယူမှုနှင့် တာဝန်ခံမှုပြုလုပ်သွား ရန်၊ လွတ်လပ်ပြီး ကျွမ်းကျင်မှုရှိသော ကဏ္ဍစုံပါ၀င်နိုင်သည့်
အမျိုးသားလူ့ အခွင့်အရေးကော်မရှင်ကို ဥပဒေနှင့် အညီဖွဲ့စည်းသွားရန်၊ ကျေးလက်ဒေသ
လူနေမှုဘဝမြှင့်တင်ရေး ဦးစားပေး ဆောင်ရွက်ရန်နှင့် လူထုဖွံ့ဖြိုးရေး လုပ်ငန်းများကို လွတ်လပ်
စွာ လုပ်ပိုင်ခွင့် ရရှိရန် တောင်းဆိုထားသည်။

ဆက်လက်၍ ကြေညာချက်၌ မြန်မာနိုင်ငံ ပညာရေးစနစ်ကိုနိုင်ငံတကာအဆင့်မီ မြှင့်တင်ပေးရန်
နှင့် အသက်မွေးဝမ်းကျောင်း ပညာရေးကိုပိုမိုဆောင်ရွက်ပေးရန်၊  ကျန်းမာရေး အသုံးစရိတ်မြှင့်
တင်ပေးရန်နှင့် ကျေးလက်ဒေသအထိလူတိုင်းဆေးဝါးကုသခွင့် ရရှိစေရေးဆောင်ရွက်ပေးရန်
ဖော်ပြ တောင်းဆိုထားသည်။

ထို့နောက် တိုင်းရင်းသားလုပ်ငန်းရှင် များ၏ စီးပွားရေးအာမခံချက် ရရှိစေရေးဖြည့်ဆည်း
ဆောင်ရွက်ပေးရန်၊ တောင်သူလယ်သမားများနှင့် အလုပ်သမားများ၏ အခွင့်အရေးများကို
အပြည့်အဝ ရရှိအောင် ဆောင်ရွက်ပေးရန်၊ ကလေးစစ်သားပပျောက်ရေးနှင့် ကလေးလုပ်
သားများ လျော့နည်းစေရေး၊ ဆောင်ရွက်ပေးရန်နှင့် အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိ
ရေးအတွက် ဥပဒေပြဋ္ဌာန်းဆောင်ရွက်ပေးရန်တို့ကို တောင်းဆိုထားသည်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ပြင်ဦးလွင်မြို့နယ် အာရှ
အလင်းရောင် ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊
မန္တလေး ၊ ရခိုင်ပြည်နယ်၊ရှမ်း ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့မှ လူ့အခွင့်အရေး အတွက်လှုပ်ရှား
နေသော အရပ်ဖက် အဖွဲ့အစည်း ၄၅ ဖွဲ့တို့မှ တာဝန်ရှိ သူများ၊ ဘာသာရေးခေါင်းဆောင်
များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၆၀ ကျော်တက်ရောက် ဆွေးနွေးခဲ့ကြ
ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး