လက်ဖက်စိုက်ပျိုး၍ သစ်တောပြုန်းတီးကာ မိုးခေါင်မှုနှင့် ကြံုတွေ့

လက်ဖက်စိုက်ပျိုး၍ သစ်တောပြုန်းတီးကာ မိုးခေါင်မှုနှင့် ကြံုတွေ့

ပုပ္ပားတောင်မကြီးပေါ်တွင် လက်ဖက် စိုက်ပျိုးမှုများကြောင့် သစ်တောပြုန်းတီး ပြီး မိုးခေါင်မှုများ
နှင့် ကြံုတွေ့နေရ ကြောင်း အဆိုပါပုပ္ပားတောင်မကြီး ပတ်ဝန်းကျင်ရှိ ရွာများမှ ဒေသခံ များနှင့်
ပုပ္ပားတောင် ချစ်သူများအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သော တင်ဝင်းထွန်းကုမ္ပဏီက ပုပ္ပားတောင်မ ကြီးတွင်လက်ဖက်ပင်
များ စိုက်ပျိုးရန် သစ်ပင်များခုတ်လှဲမှု အကျိုးဆက်အဖြစ် အဆိုပါ တောင်မကြီး ပတ်ဝန်း
ကျင်ရှိဒေသခံများမှာ မိုးခေါင်မှုဒဏ် ခံစားရကာ ရေရှားပါးမှုနှင့် စီးပွားရေး၊ ကျန်းမာရေး အခက်
အခဲများနှင ့်ကြံုတွေ့ နေရကြောင်း ပုပ္ပားတောင် ချစ်သူများ အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ
ကိုတိုးက ပြောသည်။

"လက်ဖက်ပင်ဆိုတာက နေရောင်ခြည်လိုတယ်။ နေရောင်ခြည်လိုတဲ့အတွက် မစိုက်ပျိုးခင်
ကတည်းက လက်ဖက်ပင်တွေ နေရောင်ခြည်ရရှိ အောင် သစ်ပင်ကြီးတွေ ခုတ်လှဲပစ်ရမှာပဲ။
တကယ်လို့ လက်ဖက်ပင် စိုက်ပျိုးလို့ မဖြစ်ထွန်းဘူးဆိုရင်တော့ ပြောစရာမရှိပါဘူး။ ဆက်ပြီး
တိုးချဲ့ပြီး စိုက်ပျိုးမယ် ဆိုရင်တော့ သစ်တောပြုန်းတီးမှုတွေ ဆက်ဖြစ်ပြီး ဒီအကျိုးဆက်ကို
ဒေသခံတွေ ခံစားနေရမယ်။

"လတ်တလောတော့ မြန်မာပြည် အလယ်ပိုင်း မိုးအများဆုံးဒေသဖြစ်တဲ့ ပုပ္ပားမှာ မိုးရေချိန်၂၃
လက်မပဲ ရတော့တယ်။ မိုးနည်းတဲ့အတွက် ကျေးရွာတွေမှာ ရေရှားပါးမှုနဲ့ ကြံုတွေ့ နေရပြီ။
ကျေးရွာရေကန်တွေမှာ ရေမရှိတဲ့အတွက် ရေတွင်းတွေကနေ ရေတစ်စည်ကို အနည်းဆုံး
ကျပ်၂၀၀ ပေးပြီး ၀ယ်သုံးနေရပြီ။ မြို့ပေါ်မှာဆိုရင် ရေ ၁၀ စည်ပဲပါတဲ့ ထော်လာဂျီတစ်စီးကို
ကျပ် ၄,၀၀၀ ပေးနေရပါပြီ။ တောင်သူတွေ အနေနဲ့လည်း မိုးခေါင်တော့ သီးနှံမရဘူး။ သီးနှံမရ
တော့ အကြွေးတင်ကုန်တယ်။ အခြေခံလူတန်းစားတွေ အနေနဲ့လည်း တောင်သူတွေ သီးနှံ
မရတဲ့ အတွက် သူတို့အတွက် အလုပ်အကိုင် ရှားပါးပြီးတော့ စားဝတ်နေရေးအတွက်
ခက်ခဲနေပါတယ်"ဟု ၎င်းက ပြောသည်။

ငရံ့ကုန်းရွာမှဒေသခံတစ်ဦးကလည်း  "ကျွန်တော်တို့ရွာမှာ ဒီလိုမိုးခေါင်မှု တွေဖြစ်နေတဲ့အတွက်
စားဝတ်နေရေး အတွက် အတော်လေး လုံးပန်းနေရတယ်၊ အကြွေးတွေလည်း ဘယ်လို ဆပ်ရ
မလဲ မသိသေးပါဘူး၊ ရွာမှာ လည်းရေ ကောင်းကောင်းမသောက်ရတဲ့အတွက် ကျန်းမာရေး
ထိခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်"ဟု ၎င်းကဆက်လက် ပြောကြားသည်။

ပုပ္ပားတောင်ပေါ်တွင် ၂၀၀၈ ခုနှစ်မှ စတင်၍ လက်ဖက်စိုက်ပျိုးမှုလုပ်ကိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုး
ချိန်မှစ၍ သဘာဝ ပတ်ဝန်းကျင် မထိခိုက်မပျက်စီးစေရန် အဓိကထား ဆောင်ရွက်ခဲ့ပါကြောင်း၊
သစ်တောများပျက်စီးစေမည့် သစ်ပင်ကြီးများခုတ်လှဲခြင်းမျိုး မပြုလုပ်ခဲ့ပါကြောင်း တင်ဝင်းထွန်း
ကုမ္ပဏီ၊ ပုပ္ပားတောင် လက်ဖက်စိုက်ခင်း တာဝန်ခံဦးဌေးငွေက ပြောသည်။

"လက်ဖက်စိုက်ခင်းရှိတဲ့ နေရာက သစ်တောကြိုးဝိုင်းဒေသဖြစ်တဲ့ အတွက် သစ်တောဝန်ကြီး
ဌာနရဲ့လက်အောက် မှာပ ဲလုပ်ကိုင်ခဲ့ပါတယ်၊ သစ်တောကတာ ၀န်ရှိသူတွေကိုယ်တိုင် ကွင်း
ဆင်းတဲ့ အခါမှာ အနီးကပ်ကြည့်ရှုတဲ့အတွက် သစ်တောမပြုန်းတီးအောင် အဓိကထား
ဆောင်ရွက်ခဲ့ပါတယ်၊ အောက်မြေပေါင်း ရှင်းတာတွေ၊ ခြံုနွယ်ရှင်းလင်းတာတွေ ကိုတော့ မဖြစ်
မနေလုပ်ဆောင်ခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။

ပုပ္ပားတောင်ဥယျာဉ်၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး ဌာနခွဲမှတာဝန်ရှိသူ
တစ်ဦးကလည်း"လက်ဖက်စိုက်ခင်းက ကျွန်တော်တို့ ကြီးကြပ်မှုနဲ့လုပ်တာပါ၊ သစ်ပင်ကြီးတွေ
ခုတ်လှဲခြင်းမရှိပါဘူး၊ အောက်ကချံုလေး တွေပဲရှင်းပြီးတော့ စိုက်တာပါ၊ ဒီဒေသမှာ လက်ဖက်
များဖြစ်ထွန်းခဲ့ရင် ပိုပြီးဖွံ့ဖြိုးလာမယ်ဆိုတဲ့ယူဆချက်နဲ့ စမ်းသပ် စိုက်ပျိုးတာပါ၊ အခုအချိန်မှာ
တော့ လက်ဖက်က ကောင်းကောင်းမဖြစ်ပါဘူး"ဟု ၎င်းက ပြောသည်။

ပုပ္ပားဒေသမှာ ရာသီဥတုကောင်းမွန် ၍ စိမ်းလန်းစိုပြည်သည့်ဒေသဖြစ်သည့် အတွက်
လက်ဖက်စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ပါက ဒေသခံပြည်သူလူထု အတွက် အလုပ်အကိုင်အခွင့်
အလမ်းများ ဖန်တီးပေးနိုင်ပြီး၊ မြန်မာပြည် အလယ်ပိုင်းဒေသများ၌ လက်ဖက်နှင့် ပတ်သက်၍
ဖူလုံမှုရရှိသွားစေရန် ရည်ရွယ်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း ဦးဌေးငွေက ပြောသည်။

"ဒီလက်ဖက်စိုက်ခင်းက ဒေသခံလူထု ၈၀ နဲ့ ၁၀၀ ကြားကို အလုပ်အကိုင်ဖန်တီးပေးနိုင်ပါတယ်၊
ဒေသခံတွေ အနေနဲ့လည်း ထိုက်သင့်သလောက် အကျိုးရှိခဲ့ပါတယ်၊ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁
ခုနှစ်အထိ အလုပ်အကိုင်ပေးနိုင် ခဲ့ပါတယ်၊ လက်ရှိမှာတော့ ၀န်ထမ်း ၁၅ ယောက် ရှိပါတယ်"ဟု
၎င်းက ပြောသည်။

ပုပ္ပားတောင် လက်ဖက်စိုက်ခင်းကို ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလတွင် စတင် အကောင်
အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ဖက်စိုက်ပျိုးရန် နိုင်ငံတော်က ဧက ၃၀၀ ခွင့်ပြုပေးထားခဲ့
ကာ၂၀၀၉ ခုနှစ်တွင် စမ်းသပ်စိုက်ပျိုးမှု အဖြစ် ဧက ၅၀ စတင်စိုက်ပျိုးခဲ့ကြောင်း ဦးဌေးငွေ
က ဆက်လက်ပြောပြသည်။

"စမ်းသပ်ဧက ၅၀ အောင်မြင်ရင်တော့ ထပ်တိုးပြီးစိုက်ပျိုးသွားဖို့ အစီအစဉ်ရှိပါတယ်၊ လေး၊
ငါးနှစ်စောင့်ကြည့်လို့ အထွက်နှုန်းမကောင်းဘူးဆိုရင်တော့ ဒီဒေသနဲ့ ကိုက်ညီတဲ့သရက်ပင်
နဲ့စန္ဒကူး ပင်တွေ စိုက်ပျိုးသွားမှာပါ"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး