မြိတ်မြို့မှာ

မြိတ်မြို့မှာ

၀တ္ထုတွေရဲ့အဆုံးမှာ အတွေးတစ်စ၊ ဒါမှမဟုတ် စိတ်ကျေနပ်စရာကောင်းတဲ့ ၀တ္ထုတိုရသကို
ချန်ရစ်ပေးမယ့် ၀တ္ထုတို တွေကို စုစည်းထားတဲ့ စာရေးဆရာ မောင်ကိုကို(အမရပူရ)ရဲ့ ၀တ္ထုတို
ပေါင်းချုပ်စာအုပ် ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ရွှေအမြုတေမဂ္ဂဇင်း၊ ချယ်ရီမဂ္ဂဇင်း၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ မဟေသီမဂ္ဂဇင်း၊
မန္တလေးဂျာနယ်၊ ရတီ မဂ္ဂဇင်း၊ ရနံ့သစ်မဂ္ဂဇင်း၊ မြန်မာတိုင်း(မ်) ဂျာနယ်၊ ကလျာမဂ္ဂဇင်း၊
ပန်းဝေသီ မဂ္ဂဇင်းနဲ့ ပေဖူးလွှာမဂ္ဂဇင်းတို့မှာ ပါ၀င် ခဲ့တဲ့ ၀တ္ထုတိုတွေကို ပြန်လည်စုစည်း
ဖော်ပြထားတာဖြစ်ပြီး ၀တ္ထုတိုပေါင်း ၂၃ ပုဒ် ပါ၀င်ထားပါတယ်။

ဖော်ပြထားတဲ့ ၀တ္ထုတိုတွေမှာ စာရေး ဆရာရဲ့ စကားလုံးလတ်ဆတ်မှုတွေကို တွေ့မြင်ရမှာ
ဖြစ်ပြီး သရုပ်မှန်ဝတ္ထုပုံစံ အဖွဲ့အနွဲ့မှာပဲ စာရေးဆရာရဲ့ ကိုယ်ပိုင် ဟန်ကို ခံစားနိုင်မှာဖြစ်သလို
မော်ဒန် ဘက်ကိုနွယ်တဲ့ ၀တ္ထုတွေနဲ့ ဖတ်ပြီးရင် ဆက်တွေးချင်နေမယ့် ၀တ္ထုတွေကို လည်း
ဖတ်ရှုခံစားခွင့်ရပါလိမ့်မယ်။

စာအုပ်ရှေ့ပိုင်းမှာ 'ကျုပ်ရဲ့ တစ်ကိုယ် တော်ပြပွဲဟာ ကျုပ်ကျောပေါ်မှာ လူတွေ နဲ့'၊ 'မြိတ်မြို့မှာ'၊
'ဓား'၊ 'သစ်ရွက် ငွေ လရောင် အချစ်သီချင်း'၊ 'ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားတဲ့ ပိုးမွှားရုပ်ပုံလွှာ'၊
'ဂမ္ဘီ ရ'၊ 'တံမြက်စည်း'၊ 'ဖွဲ့စည်းမှု'၊ 'ရပ်ကွက်'၊ 'မြစ်ပြင်ပေါ်မှာ'နဲ့ 'မြေခွေးခေါင်းနဲ့ သစ်သီး
ပုပ်သုံးလုံး'တို့ ပါ၀င်ထားပါတယ်။

ဒီအထဲမှာ 'ကျုပ်ရဲ့တစ်ကိုယ်တော် ပြပွဲ..'ဟာ တောင်သမန်အင်းက နာမည်ကျော် ဦးပိန်
တံတားကို ဇာတ် ကောင်ထားရေးဖွဲ့ထားတာဖြစ်ပြီး ၀တ္ထု တိုရဲ့ ချစ်စရာကောင်းတဲ့ အငွေ့
အသက် နဲ့ လှနေတာကို တွေ့ရမှာပါ။ 'မြိတ်မြို့ မှာ'ကတော့ ခပ်သွက်သွက်ဆွဲခေါ်သွား မယ့်
၀တ္ထုတိုတစ်ပုဒ်ပါပဲ။

'ဓား'၊ 'သစ် ရွက် ငွေလရောင်..'ကတော့ အတွေး ဆက်ချန်ထားမယ့် ၀တ္ထုတိုတွေအဖြစ်
မြင်မိပြီး 'ပေါ့ပေါ့ပါးပါး..'ကတော့အထူးသဖြင့် လူငယ်တွေ ပေါ့ပေါ့ပါးပါး နဲ့ သဘောကျ
မိစေမယ့် ၀တ္ထုတိုလေး တစ်ပုဒ်လို့ ဆိုပါရစေ။

ပြီးတော့ ရုံးကထွက်စာတင်ထားတာ ကျလာဖို့အရေး အကြားအမြင်ဆရာမ တစ်ယောက်ထံ
ရောက်သွားတဲ့သူတစ် ယောက်ရဲ့ 'ဂမ္ဘီရ'၊ မိန်းမတစ်ယောက်၊ တံမြက်စည်းတစ်ချောင်း၊
အကြောက် တရားတို့နဲ့ လုံးထွေးဖွဲ့စည်းထားတဲ့ လူ တစ်ယောက်အကြောင်း ရေးဖွဲ့ထားတဲ့
'တံမြက်စည်း'တို့ကလည်း စာဖတ်သူကို ခပ်ရွှင်ရွှင်နဲ့ သွက်သွက်လက်လက်ဆွဲ ခေါ်နိုင်မယ့်
အပြင် အတွေးချန်ထားမယ့်ဝတ္ထုတိုတွေ ဖြစ်ပါတယ်။

နောက်ထပ်ဆက်လက်ဖတ်ရှုရမယ့်ဝတ္ထုတိုတွေကတော့ 'မြို့ကလေးနှင့်ကျွန်တော်'၊ 'ကျွန်တော်
၏ မေမေ'၊ 'သား ကလေး'၊ 'ထိုညက ပန်းချီမဆွဲဖြစ်ပါ'၊ 'ဗာဂျီးနီးယားဝုဖ်ကို လိုက်လို့ရှာ'တို့
ဖြစ် ပါတယ်။ ဒီအထဲမှာ 'မြို့ကလေးနှင့် ကျွန်တော်' နဲ့ 'သားကလေး' တို့ဟာ စာဖတ်သူ
ရင်ကို ထိနိုင်ပါလိမ့်မယ်။

စာအုပ်ရဲ့နောက်ပိုင်းမှာ 'ဆရာတို့ဆီ မှာ ပေါ်ဦးသက် လာသလား'၊ 'ပွဲတော် က ၀ါးမျိုသွားတဲ့
ည'၊ 'အစ်ကိုရေ.. ဘယ်မှာလဲ'၊ 'ဧရာဝတီလက်ဖက်ရည် ဆိုင်'၊ 'ကြယ်ပြာလေးက ဇီဇဝါပန်းပွင့်
သောည'၊ 'အချစ်၏ရယ်မောသံကြောင့်ပန်းများ ပွင့်ခဲ့သည်'နဲ့ 'မောင်ကိုကို'တို့ ကို ဖတ်ရှု
ရမှာပါ။

ဒီနောက်ပိုင်းက ၀တ္ထုတိုတွေ အများစု ကိုလည်း စာဖတ်သူတွေ နှစ်သက်မယ် လို့ ဆိုပါရစေ။
အထူးသဖြင့်'ပွဲတော်က ၀ါးမျိုသွားတဲ့ည'နဲ့ 'အစ်ကိုရေ... ဘယ်မှာလဲ' တို့ရဲ့ စကားလုံးဖွဲ့စည်း
မှုနဲ့ ရေးဟန်က စာဖတ်သူရဲ့အာရုံကို မလွတ်တမ်းဆွဲခေါ်သွားမှာပါ။ ပြီးတော့ 'ကြယ်ပြာ
လေးက ဇီဇဝါပန်းပွင့်သောည' ကလည်း လှပတဲ့ ၀တ္ထုတိုတစ်ပုဒ်ဖြစ်ပြီး နောက်ဆုံး တစ်ပုဒ်
ဖြစ်တဲ့ 'မောင်ကိုကို' ကိုလည်း နှစ်သက်နိုင်ပါလိမ့်မယ်။

ဖြည်းဖြည်းချင်း အရသာခံဖတ်ရင်း ၀တ္ထုတိုတွေရဲ့ရသကို ပေးစွမ်းမယ့် ဒီစာအုပ်ကို စိတ်ကူး
ချိုချိုစာပေကနေ ၂၀၁၂၊ ဒီဇင်ဘာလမှာ ပထမအကြိမ် အဖြစ် အုပ်ရေ ၅၀၀ ထုတ်ဝေထားပြီး
တန်ဖိုး ကျပ် ၁,၈၀၀ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး