မန္တလေးမြို့တွင် အသည်းဝေဒနာရှင် များအတွက် 1000+H အသည်းကူညီရေးအဖွဲ့ကို နာယက
ဆရာတော်ကြီး ငါးပါးနှင့် နယ်ပယ်စုံမှ လူမှုရေးဆောင်ရွက်သူငါးဦးဖြင့် ဖွဲ့စည်းထားကြောင်း
သိရသည်။
"အသည်းကူညီရေးအဖွဲ့ ရုံးခန်းကို ၂၃ လမ်း၊ ၆၃ လမ်းနဲ့ ၆၄ လမ်းကြား မဟာဇေယျာဘုံ
ရပ်ကွက်မှာရှိတဲ့ ဆရာ ဦးစောနေဝင်း(ရူပဗေဒ) အိမ်မှာ ဖွင့်ထား တယ်။ အသည်းဆရာဝန်က
တစ်လ တစ်ကြိမ် လာကုပေးတယ်။ ဘီပိုး၊ စီပိုးနဲ့ အသည်းရောဂါတွေကို အဓိကတာဝန်
ယူကုပေးတယ်"ဟု အသည်းကူညီရေးအဖွဲ့ဝင် အောင်သူကဖေးမှ ဦးသောင်းထွန်းက
ပြောသည်။
"စမ်းသပ်ခမယူဘဲ အခမဲ့ကုပေးတဲ့ အတွက် လူနာတွေများလာတယ်။ အိန္ဒိယသွားပြီး ကုမယ့်
သူတွေလည်း ဒီကိုလာပြီး ကုတာတွေရှိတယ်။ အရင်က လူတွဲပြီး လာပို့ရတဲ့မိန်းကလေးဆိုရင်
အခုဆိုင်ကယ်စီးပြီး လာနိုင်တဲ့အထိ သက်သာသွားတယ်"ဟု လူရွှင်တော် ဦးချစ်စရာက
ပြောသည်။
ဘီပိုး၊ စီပိုးနှင့် အသည်းရောဂါများမှာ ဆေးဝါးကုသစရိတ် များပြားသော ရောဂါများဖြစ်ပြီး
စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုရှိသောကြောင့် အဆိုပါရောဂါဝေဒနာရှင်များကို ကူညီရန် ယခုကဲ့သို့
ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ဆရာဦးစောနေဝင်း (ရူပဗေဒ) က ပြောသည်။
"ဘီပိုး၊ စီပိုးနဲ့ အသည်းရောဂါက တခြားရောဂါတွေနဲ့မတူဘူး။ လူနာတွေ အကြောက်ဆုံး၊
ငွေအကုန်အများဆုံးနဲ့ ရောဂါအပေါ်မှာလည်း နားလည်ရ အခက်ဆုံးရောဂါပါပဲ။ ဆေးဖိုး
ကလည်း တခြားဆေးဖိုးတွေနဲ့မတူဘူး။ ဈေး အရမ်းကြီးတယ်။ လစဉ်သွေးစစ်တာ၊ Ultra-
soundရိုက်တာတွေက နောက်ဆုံးကျတော့ မတတ်နိုင်တော့လောက် အောင်ဖြစ်ရတယ်"ဟု
၎င်းက ပြောသည်။
စစ်ဆေးမှု၊ ကုသမှုနှင့် ဆေးဖိုုးအားလုံးကို 1000+Hအသည်းကူညီရေးအဖွဲ့က တာဝန်ယူ
လှူဒါန်းကြောင်း ၎င်းက ဖြည့်စွက်ပြောပြသည်။
"တစ်လကိုတစ်ကြိမ်လာပြီး ဆရာက ကုသပေးတယ်။ တစ်ကြိမ်ကို ငါးရက်၊ ခြောက်ရက်
လောက်ထိ ကုသပေးတယ်၊ အခုဆိုရင် လူနာက ရ၀ ကျော်အထိရှိတယ်။ ချောက်၊ ရေနံ
ချောင်းတို့ကနေ လာရောက်ကုသတာတွေအထိရှိတယ်" ဟု အဖွဲ့တွင်ပါ၀င်သူ ဦးသောင်းထွန်း
(အောင်သူကဖေး) က ပြောသည်။















