ခုတင် ၅၅၀ ဆံ့ကလေးဆေးရုံနှင့် စပ်လျဉ်း၍ မန္တလေးအခြေစိုက် စာစောင် တစ်စောင်က
ရေးသားထားခြင်းအပေါ် ဆေးရုံအုပ်ကြီးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ရေးသားထားခြင်းအပေါ် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မြင့်က "ကျွန်တော်တို့
ဆေးရုံက တခြားဆေးရုံတွေနဲ့ မတူပါဘူး။ ပုဂ္ဂလိဆေးရုံပုံစံ ဆောက်ထားတာပါ။ ဆေးရုံက
ကျယ်ကျယ်ပြန့်ပြန့်နဲ့ သန့်သန့်ရှင်းရှင်းရှိပါတယ်။ အရေးပေါ်အသက်ကယ်တဲ့စက်တွေ
ပြည့်ပြည့်စုံစုံရှိတယ်။
အထက်မြန်မာပြည် တစ်ဝန်းမှာ ကလေးတွေအတွက် စက်ပစ္စည်းစုံစုံလင်လင်နဲ့ ကုသပေးနိုင်တဲ့
နေရာပါ။ မွေးကင်းစကလေး ကုသရာကအစ၊ ခွဲစိတ်ခန်းမှာသုံးတဲ့ စက်ပစ္စည်းတွေ၊ ဓာတ်ခွဲ
ခန်းမှာသုံးတဲ့ စက်ပစ္စည်းတွေ အကုန်လုံး နောက်ဆုံးပေါ်စက်တွေ ချည်းပဲ အသုံးပြုထားတာပါ။
ကျောက် ပတ်တီးလှီးတဲ့စက်က အရေးမကြီးပါဘူး။ စက်မရှိလည်းဖြစ်ပါတယ်။ နယ်တွေမှာ
အကုန်လုံး ဒိုင်းလွှနဲ့ ဖြတ်နေရတာ။ ဒါလေးမရှိတာကို အပြစ်ပြောတဲ့သူကို ကိုယ့်ဘာသာကိုယ်
ပြန်စဉ်းစားကြည့်စေချင်တယ်"ဟု ပြောသည်။
အဆိုပါရေးသားမှုသည် တစ်ဖက်သတ်အမြင်ဖြစ်ကြောင်း၊ ဂျာနယ်စာမျက်နှာထဲမှာ မရေး
သင့်ကြောင်း၊ ဂျာနယ်ဖတ်တဲ့ပရိသတ်ကို စော်ကားရာရောက်ကြောင်း ၎င်းက ပြောသည်။
"ဒီဆေးရုံမှာ ဘာတွေလုပ်နေတယ် ဆိုတာမသိဘဲနဲ့ တစ်ဖက်သတ်အမြင်နဲ့ ရေးသားတာမျိုး
မရေးသင့်ဘူးထင်တယ်။ တကယ်ကောင်းနေတာတွေ၊ တကယ်အသက်ကယ်တာတွေကို
မရေးဘဲ ကျောက်ပတ်တီးလှီးတဲ့စက် မရှိတာကို ပုံကြီးချဲ့မရေးသင့်ဘူး။ အဲဒီတုန်းက အရိုးနဲ့
ပတ်သက်တာတွေ လွှဲတာကအစပဲရှိသေးတဲ့အတွက် မရှိတာပါ။ သူ့တို့မရေးခင်က ၀ယ်ထား
ပြီးပြီ"ဟု ၎င်းက ပြောသည်။
ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံမှ ဆရာဝန်များသည် လူနာများအပေါ် စေတနာထားကြောင်း၊
ဆေးဖိုးမတတ် နိုင်သူများ၊ ဆင်းရဲချို့တဲ့သူများကိုအမှန် တကယ် အခမဲ့ကုသပေးနေကြောင်း၊
ဆရာဝန်ကြီးများသည် တကယ့်ဝါရင့် ဆရာဝန်ကြီးများဖြစ်ပြီး၊ ကလေးမေ့ဆေး ပေးသည့်
ဘက်တွင်လည်း ကျွမ်းကျင်မှုရှိကြောင်း ၎င်းက ဆက်ပြောသည်။
"ဒီဆေးရုံမှာက ၀ါရင့်ဆရာဝန်တွေများတယ်။ အဲဒီတုန်းက ကုပေးတဲ့ ဆရာဝန်ကြီးဆိုလည်း
အရိုးဆေးရုံကနေလာပြီး စေတနာအပြည့်လုပ်ပေးတာ။ သူပြောတဲ့ လွှဝယ်တာကိုလည်း
ဆရာဝန်ကြီးပိုက်ဆံနဲ့ ၀ယ်ပေးတာပါ။ လူနာကို ၀ယ်ခိုင်းတာ မဟုတ်ပါဘူး။ ကလေးတွေ
အတွက် ကျွန်တော်တို့ဆေးရုံက အသင့်တော်ဆုံးပါပဲ" ဟု ဒေါက်တာအောင်ကျော်မြင့်က
ပြောသည်။
အဆိုပါစာစောင်တွင် ရေးသားထား သော ဆေးရုံဝင်းအတွင်းရှိ ကဖေးဆိုင် မှ စားပွဲထိုး
ကလေးများသည် ဆေးရုံဝင်း မှာသာမက နိုင်ငံတစ်ဝန်းအများအပြားရှိ ကြောင်း၊ ဆေးရုံ
၀င်းအတွင်း၌လည်း ယင်လုံအိမ်သာများသာရှိကြောင်း၊ သန့်ရှင်းမှုကိုလည်း တခြား
ဆေးရုံများ နှင့် ယှဉ်ကြည့်၍ရကြောင်း၊ ယင်းရေးသားမှုနှင့်ပတ်သက်သူများ ဆေးရုံသို့
အချိန်မရွေး လာရောက်ကြည့်ရှုရန် ဖိတ်ကြားကြောင်း ၎င်းက ပြောသည်။















