ထိုင်းနိုင်ငံတွင် ကြံစိုက်ပျိုးထုတ်လုပ်နေမှုများနှင့် သကြားချက်လုပ်မှုများကို မြန်မာနိုင်ငံကြံနှင့်
ကြံထွက်ပစ္စည်း ကုန်သည်များနှင့် ထုတ်လုပ်သူများအသင်းက လာမည့် ၂၀၁၃ ခုနှစ် နှစ်ဆန်း
တွင် သွားရောက်လေ့လာမည် ဖြစ်ကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။
"လာမည့် ၂၀၁၃ နှစ်၊ ဇန်နဝါရီလ ကုန်ပိုင်းလောက်ဖြစ်မယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနကို
စာတင်ထားတယ်။ လူဦးရေကတော့ သုံးဆယ်ကျော်လောက်ဖြစ်မယ်။ သကြားစက်ရုံတွေက
တာဝန်ရှိသူတွေ၊ တောင်သူတွေ၊ အသေးစား၊ အလတ်စားနဲ့ အကြီးစားစက်မှုလုပ်ငန်းရှင်
တွေလည်းပါမယ်" ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာရာတွင် ခုနစ်ရက်ခန့်ကြာမည်ဖြစ်ပြီး ကြံစိုက်ပျိုးခြင်း၊
ခုတ်သိမ်းခြင်း၊ သယ်ယူသည့် စနစ်များ၊ စက်ရုံကြိတ်ခွဲသည့်နည်းစနစ်များနှင့် သကြား
ချက်လုပ်သည့်နည်းစနစ်များကိုပါ လေ့လာနိုင်ရန်စီစဉ်ထားသည်ဟု ထိုင်းနိုင်ငံဘက်မှ
တာဝန်ရှိသူများက ပြောဆိုထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ကြံချက်စက်ရုံပေါင်း ၄၉ ရုံခန့် လည်ပတ်နေပြီး တစ်နှစ် ထုတ်လုပ်မှုမှာ
သကြားတန်ချိန် ဆယ်သန်းရှိကာ ပြည်တွင်းစားသုံးမှုသည် နှစ်သန်းကျော်ခန့်ရှိပြီး
တန်ချိန် ခုနှစ်သန်းကျော်ကို နိုင်ငံခြားသို့တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။
"ကျွန်တော်တို့နိုင်ငံမှာ သကြားက တစ်နှစ်တန်သုံးသိန်းရှစ်သောင်းပဲ ထွက်တယ်။
မြန်မာနိုင်ငံနဲ့ ရေမြေချင်းထိစပ် ပြီးအထွက်နှုန်းကွာနေရတာက ထုတ် လုပ်မှုစွမ်းအားနဲ့ မူဝါဒ
တွေ ကွာနေလို့ပါပဲ"ဟု ဦးစိုးလင်းက ဆက်လက်ပြောသည်။
ကြံနှင့် ကြံထွက်ပစ္စည်းကုန်သည်များ နှင့် ထုတ်လုပ်သူများအသင်းက ကြံ စိုက်ပျိုးမှုများ
သော ဒေသများနှင့် ကုမ္ပဏီပိုင် စိုက်ခင်းများသို့ သွားရောက်ပြီး နည်းစနစ်ပိုင်းနှင့် ပညာ
ပေးလုပ်ငန်း များကိုလည်း ရက်တိုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း အသင်းမှတာဝန်ရှိ
သူတစ်ဦးက ပြောသည်။
"ယိုးဒယားက စက်မှုလယ်ယာသွား နေတယ်။ စက်ရုံကြီးတွေအတွက် ရင်းနှီး မြှပ်နှံဖို့ ငွေ
ကြေးကို နိုင်ငံတော်က ချေးငွေအဖြစ် ထောက်ပံပေးနိုင်တယ်။ နည်း စနစ်နဲ့ အရည်အသွေး
ပေါင်းလိုက်တော့ ကြံအထွက်နှုန်းက ကောင်းလာတာပေ့ါ"ဟု ဦးစိုးလင်းက ပြောသည်။
မြန်မာနိုင်ငံတွင် သကြားစက်ရုံ ၂၁ ရုံရှိပြီး ၁၉ ရုံခန့်သာ လည်ပတ်လျက်ရှိရာ တစ်နေ့ပုံမှန်
ကြိတ်ရာမှ စက်ရုံစုစုပေါင်းမှ သကြားတန်ချိန် သုံးသောင်းခန့်သာထွက်ရှိသော်လည်း
ပြည်တွင်းစားသုံးမှု အတွက်မူ လုံလောက်လျက်ရှိနေကြောင်းသိရသည်။















