မြန်မာနိုင်ငံ ကြံနှင့် ကြံထွက်ပစ္စည်း ကုန်သည်များနှင့် ထုတ်လုပ်သူများအသင်း နှစ်ပတ်လည်
အစည်းအဝေး၊ အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ နှင့် စာတမ်းဖတ်ပွဲကို ဒီဇင်ဘာ ၃၀
ရက်နေ့က မန္တလေးမြို့တော်ခန်းမတွင်ကျင်းပသွားမည်ဖြစ်သည်။
အသင်းတွင် ယခုလက်ရှိ ဗဟိုအလုပ်အမှုဆောင် ၂၉ ဦး နှင့် အမှုဆောင် ၁၅ ဦးတို့ဖြင့် ဖွဲ့စည်း
ထားသည်။ "ရွေးချယ်ပွဲမှာ ပညာရှင်တွေရဲ့ စာတမ်းတွေကို ဖတ်မယ်။ စာတမ်းတွေက ဒီနေ့
ဖြစ်နေတဲ့ ကြံလောက၊ သကြား လောက၊ စားသုံးသူလောကမှာ ဖြစ်နေတဲ့ ပြဿနာတွေကို
ဖြေရှင်းနိုင်ဖို့ ရှေ့လုပ်ငန်းစဉ်တွေအနေနဲ့ လမ်းညွှန်မှုပြုနိုင်မှာပါ"ဟုအသင်းဥက္ကဋ္ဌ ဦးစိုးလင်း
ကပြောသည်။
အမှုဆောင်သစ် တင်မြှောက်ပွဲနှင့် စာတမ်းဖတ်ပွဲကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးရဲမြင့် တို့
တက်ရောက်မည်ဖြစ်သည်။
အဆိုပါအသင်းကို ၂၀၀၂ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်တစ်ခါ အမှုဆောင်များ
ပြန်လည်ရွေးချယ်မည်ဆိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၀ ပြည့်နှစ်ကျမှ
ရွေးချယ် နိုင်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ပြန်လည်ရွေးချယ်ခြင်းဖြစ်သည်။
"ကျွန်တော်တို့အသင်းက တစ်နိုင်ငံ လုံး ကိုယ်စားပြုတဲ့အသင်းဖြစ်တဲ့အတွက် ကြံ၊ သကြား
နဲ့ပတ်သက်တဲ့ အသင်းဌာနတွေဆီကနေ ကိုယ်စား လှယ်တွေ ယူထားတာတွေရှိသလို
တွေ့ဆုံပွဲကနေ ရွေးကောက်ပွဲပုံစံနဲ့လည်း ရွေးချယ်သွားကြဦးမှာဖြစ်ပါတယ်"ဟု အသင်း
တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောသည်။
ယခုတစ်ကြိမ် စာတမ်းဖတ်ပွဲသည် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး စာတမ်းများတင်သွင်းရာမှာ
'မြန်မာ့သကြား စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံသူ အခွင့်အလမ်းများ' ခေါင်း
စဉ်ဖြင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် နိုင်ငံခြားကုမ္ပဏီများကလည်း
စာတမ်းများဖတ်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။















